ထိုင်းတော်ဝင်သက်တော်စောင့် ဗိုလ်ချုပ်ကြီး အာဏာစွန့်ပြီး ကျဆုံး စစ်သည်တော်များအတွက် ရည်စူး၍ ရဟန်းခံ

By MPA

ထိုင်းနိုင်ငံ ကြည်းတပ် ဒုတိယစစ်တိုင်းမှူးဟောင်းနှင့် လက်ရှိတော်ဝင် အထူးသက်တော်စောင့်အရာရှိ ဗိုလ်ချုပ်ကြီး ဘွန်ဆင်း ဖတ်ကလန်သည် ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့ကြောင်း ဒေသတွင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

၎င်းသည် အူဒွန်ဌာနီခရိုင်၊ ကူကဲဝ်မြို့နယ်ရှိ ဝပ်ပါးသီခူနာရမ် (Wat Pa Sri Khunaram) တောရကျောင်း၌ သီတင်းသုံးလျက်ရှိသည်။

ဘွဲ့တော်အား “ချိုတီပညော” (Phra Bunsin Chotipanyo) ဟု ခံယူတော်မူခဲ့သည့် အဆိုပါအငြိမ်းစားဗိုလ်ချုပ်ကြီးက ယခုတစ်ကြိမ် ရဟန်းခံရခြင်းမှာ စစ်မှုထမ်းသက်တမ်းတစ်လျှောက် တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့ကြသည့်စစ်သည်များအတွက်ဟု မိန့်သည်။

အထူးသဖြင့် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအတွင်း သေဆုံးခဲ့ရသော လက်အောက်ခံစစ်သည်များနှင့် ရဲဘော်ရဲဘက်များအတွက် ရည်စူး၍ ကုသိုလ်ကောင်းမှု အမျှပေးဝေရန်ဖြစ်ကြောင်း မိန့်ကြားထားသည်။

ထိုသို့ ဗိုလ်ချုပ်ကြီး ဘုန်းကြီးဝတ်သွားခြင်းကို ထိုင်းသတင်းဌာနများတွင် ဇွန်လဒုတိယပတ်အတွင်းမှစတင်၍ ဖော်ပြခဲ့ပြီးနောက် အခုနောက်ဆုံးပတ်အတွင်း ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြလာခဲ့ကြခြင်းဖြစ်သည်။

၎င်းက “စစ်သားဘဝတစ်လျှောက် လက်အောက်ခံတွေ ကျဆုံးခဲ့ရတာဟာ စိတ်မကောင်းစရာ အဖြစ်အပျက်တွေပါပဲ။ ဒါကြောင့် သူတို့အတွက် ရည်စူးပြီး ဝါတွင်းတစ်ဝါပတ်လုံး ဒီတောရကျောင်းမှာပဲ ပြင်ပပင့်ဖိတ်မှုတွေကို လက်ခံမှာမဟုတ်ဘဲ တရားဓမ္မကို တစိုက်မတ်မတ် ကျင့်ကြံအားထုတ်သွားမှာပါ” ဟု ထိုင်းသတင်းဌာနနှစ်ခုထက်မနည်းကို မိန့်ကြားထားသည်။

ရဟန်းတော် ဘွန်ဆင်းသည် ဝါတွင်းကာလပတ်လုံး ယင်းကျောင်းတိုက်၌ပင် သီတင်းသုံးကာ တရားဘာဝနာပွားများသွားမည်ဖြစ်ပြီး၊ ဒေသခံပြည်သူများအနေဖြင့်လည်း ကျဆုံးပြီးသော အာဇာနည်စစ်သည်များအတွက် ရည်စူး၍ ၎င်း၏ကုသိုလ်အမှုတွင် အတူတကွ သာဓုခေါ်ဆို အမျှဝေနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ – Amrin/Siam Path