တောင်ကိုရီးယားနိုင်ငံ၊ ဂျယ်ဂျူးကျွန်းတွင်ကျင်းပသည့် ဂျယ်ဂျူးငြိမ်းချမ်းရေးဖိုရမ် (Jeju Peace Forum 2026)၌ မြန်မာနိုင်ငံ၏ ပကတိမြေပြင်အခြေအနေနှင့် အရေးပေါ် လိုအပ်ချက်များပါ ဝင်သော အိတ်ဖွင့်ပေးစာကို ကုလသမဂ္ဂနှင့် နိုင်ငံတကာခေါင်းဆောင်များထံသို့ တိုက်ရိုက်ပေး အပ်ခဲ့ကြောင်း သိရသည်။
အိတ်ဖွင့်ပေးစာတွင် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ထိရောက်၍ လက်တွေ့ကျသည့် ကူညီပံ့ပိုးမှုများနှင့် ပြတ်သားသော အရေးယူဆောင်ရွက်မှုများ ချက်ချင်းလက် ငင်း လုပ်ဆောင်ပေးရန် ဖော်ပြထားကြောင်း ကိုရီးယားအခြေစိုက် တော်လှန်ရေးအင်အားစုတို့က ထုတ်ပြန်ထားသည်။
“အိတ်ဖွင့်ပေးစာတွေ၊ထုတ်ပြန်ချက်တွေ၊လက်ကမ်းစာစောင်တွေကို တက်ရောက်ကြတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူချုပ်ဟောင်း၊ နောက်တက်မယ့် ကုလအတွင်းရေးမှူးချုပ်လောင်း၅ယောက်ပေါ့နော်။ ၅ ယောက်မှာဆို ၄ယောက်က လာပြီးတက်တယ်။ဒီ၄ယောက်ကိုလည်း ကိုယ်တိုင်ကိုယ်ကျ ပေးလိုက် တာရှိတယ်။နိုင်ငံတကာသံတမန်တွေ၊နိုင်ငံ့ခေါင်းဆောင်တွေကို ပေးလိုက်တာ အားလုံးက ဒါကို လက်ခံပြီး ယူသွားကြတယ်။ပြီးတော့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး သိရှိတယ်ဆိုတဲ့အကြောင်း၊ သေ ချာ ဖတ်ရှုလေ့လာပါ့မယ်။ဒီတိုက်တွန်းချက်တွေကိုလည်း သေချာလေ့လာဖတ်ရှုပါ့မယ်ဆိုပြီး လိုလို လားလားနဲ့ ပြောသွားကြတယ်”ဟု မြန်မာ့ဖက်ဒရယ်ဒီမိုက ရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMC အတွင်းရေးမှူးဦးကျော်ဆန်းက MPAသို့ပြောသည်။





ယင်းတောင်းဆိုချက်များနှင့် ပတ်သက်၍ ဖိုရမ်တက်ရောက်လာသူ အင်ဒိုနီးရှားနိုင်ငံ သမ္မတဟောင်း ဆူဆီလို ဘန်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) က အာဆီယံအနေဖြင့် အပြန်အလှန် ဝင်ရောက်မစွက်ဖက်ရေးမူကို ထိန်းသိမ်းရင်း အင်ဒိုနီးရှားနှင့် အာဆီယံတို့က မြန်မာနိုင်ငံတွင် ဒီမိုက ရေစီဖော် ဆောင်ရေး ကြိုးပမ်းမှုများကို ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာ့ဒီမိုကရေစီ ရေးအတွက် အချိန်ဇယားနှင့် လုပ်ဆောင်နိုင်စွမ်းအလိုက် ရွေးချယ်လုပ်ဆောင်နိုင်ရန် မိမိတို့ဘက်က ဝန်းရံပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ၎င်း၏ မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း နှင့်အတူ အနာဂတ် ကုလသမဂ္ဂအ တွင်းရေးမှူးချုပ်လောင်း ၅ ဦး အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၆၀ ကျော်က အဆင့်မြင့်သံတမန်များ၊ နိုင်ငံတကာရေးရာ ကျွမ်းကျင်သူများထံသို့ မြန်မာပြည်သူတို့၏ အသံနှင့် အရေးပေါ်လိုအပ်ချက်များ ပါဝင်သော ယင်းအိတ်ဖွင့်ပေးစာကို တိုက်ရိုက်လက်ရောက် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဖိုရမ်တက်ရောက်လာသူများကို လှုံ့ဆော်တိုက်တွန်းချက် လက်ကမ်းစာစောင်များ ဖြန့်ဝေ ကာ မြန်မာနိုင်ငံအရေး ကင်ပိန်းအဖြစ် ၃ ရက်ဆက်တိုက် ပြုလုပ်ခဲ့ကြောင်းလည်း ထုတ်ပြန် ထားသည်။
ယင်းလှုပ်ရှားမှုကို စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)၊ မြန်မာ့ဖက်ဒရယ်ဒီမိုက ရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) နှင့် မြန်မာ့ဒီမိုကရေစီရေးကို အစဉ်အမြဲကူညီပံ့ပိုး ပေးနေသော “နိုင်ငံတကာ အရပ်ဘက်လူထုလှုပ်ရှားမှု မဟာမိတ်အဖွဲ့ (KOCO) တို့ ပူးပေါင်း ဆောင် ရွက်ခဲ့ကြခြင်း ဖြစ်သည်။
ဂျယ်ဂျူးငြိမ်းချမ်းရေးဖိုရမ်သည် အာရှနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အရေးပါသော ဆွေးနွေးပွဲတစ် ခုဖြစ်ပြီး၊ ယခုနှစ်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်လောင်းများ၊ ကုလသမဂ္ဂ ခေါင်းဆောင်ဟောင်း များနှင့် ကမ္ဘာ့ခေါင်းဆောင်များ ရှေ့မှောက်၌ မြန်မာ့အရေး သတင်းအချက်အလက်များ၊ တောင်းဆို ချက်များ တိုက်ရိုက်ပေးအပ်ကာ တိုက်တွန်းနိုင်ခဲ့ခြင်းကြောင့် နိုင်ငံတကာ အသိုက်အဝန်းက မြန်မာ့ အရေးအပေါ် ပိုမိုအာရုံစိုက်လာစေရန် တွန်းအားတစ်ရပ် ဖြစ်မည်ဟု ယုံကြည်ကြောင်း KOCO အဖွဲ့ ဥက္ကဋ္ဌ မစ္စဂန်အင်နန်းက ပြောသည်။
ဇွန်လ ၂၄ မှ ၂၆ ရက်နေ့ထိ ၃ရက်တာ ကျင်းပခဲ့သည့် ဂျယ်ဂျူးငြိမ်းချမ်းရေးဖိုရမ် ၏ ယခုနှစ် ခေါင်း စဉ်မှာ “ပြိုကွဲနေသော ကမ္ဘာကြီးတွင် ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်ဆန်းသစ်ခြင်း” ဖြစ်သည်။
ယင်းဖိုရမ်ကို ၂၀၀၁ ခုနှစ်မှစ၍ နှစ်စဉ် ကျင်းပခဲ့ပြီး နိုင်ငံတကာအစိုးရနှင့် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကျွမ်းကျင် ပညာရှင်များ တက်ရောက်လေ့ရှိသည်။
