မော်လမြိုင်မြို့ပေါ်တွင် သီလရှင်များ လိုက်ပါလာသည့်ကားနှင့် ရထား တိုက်မိမှု ဖြစ်ပွား

ဓာတ်ပုံ - Zaw Zaw Aung

မွန်ပြည်နယ်၊မော်လမြိုင်မြို့ပေါ်တွင် သီလရှင်များ လိုက်ပါသည့်ကားနှင့် ရထား တိုက်မိမှု ယနေ့နံနက်ပိုင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့(ဇွန်၂၇ရက်)နံနက် ၆နာရီမထိုးမီတွင် မော်လမြိုင်မြို့၊ဈေးကြိုရပ်ကွက်၊တောင်ဝိုင်း ရထားလမ်း လမ်းကူးဂိတ်၌ ဟိုက်ဂျက်ကားနှင့် ရထားစက်ခေါင်း တိုက်မိခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့ခံ လူမှု ကူညီရေးသမားထံက သိရသည်။

“ဒီမနက်ပဲ သတင်းကြားလို့ ဖုန်းဆက်မေးကြည့်တာ ထိခိုက်မှုတော့ ပါးပါးလေးပဲ။ကားကတော့ ရ ထားစက်ခေါင်းနဲ့တိုက်မိပြီး မှောက်သွားတယ်။ကားမောင်းတဲ့သူနဲ့ အနောက်က လိုက်လာတဲ့ သီလ ရှင်တွေ ဒဏ်ရာနည်းနည်းရတာလောက်ပဲ”ဟု ၎င်းက MPAသို့ပြောသည်။

ရာထားစက်ခေါင်းမှာ မုပွန်ဘူတာမှ ထွက်ခွာလာခြင်းဖြစ်ပြီး တက္ကသိုလ်ဘက်က မောင်းလာသည့် ကားနှင့် တိုက်မိခြင်းဖြစ်ကာ လမ်းကူးဂိတ်မပိတ်ထားခြင်းကြောင့်လား၊ ဂိတ်ပိတ်ထားသော်လည်း ကားက မောင်းတံလွတ်သည့်နေရာမှ ဖြတ်မောင်းသလားဆိုသည်ကိုမူ မသိရသေးပေ။

“မနက်အစောပိုင်းဆိုတာ ဂိတ်စောင့်က ဂိတ်မပိတ်တာလား။ကားကပဲ လွတ်တဲ့နေရာက ဖြတ်မောင်း သလား။အမျိုးမျိုးပြောနေကြပေမဲ့ ကျနော်က မျက်မြင်မဟုတ်တော့ မပြောရဲဘူး။ဒါပေမဲ့၊တချို့ကား တွေက နေ့ခင်းဘက်တွေတောင် ရထားလာတာမြင်ပြီး ဂိတ်ပိတ်ထားလည်း မစောင့်ချင်ကြဘူး။ တချို့ဆို ငါကဘာကောင်ညာကောင်ဆိုပြီး ပိတ်ထားတဲ့ မောင်းတံကို ကိုယ့်ဘာသာ သွား ဖွင့်ပြီး မောင်းသွားတာမျိုးတောင် ရှိတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ကားရှေ့ခေါင်းပိုင်းလည်း အနည်းငယ်ထိခိုက်မှုရှိပြီး ဒဏ်ရာရသူများကို မော်လမြိုင်ဆေးရုံကြီးသို့ ပို့ ဆောင်ထားကြောင်း သိရသည်။

ဒဏ်ရာရရှိသူ အရေအတွက်ကိုမူ အတည်ပြုခြင်း မရှိသေးပေ။