အင်းစိန်အကျဉ်းထောင်မှ ဆယ်တန်းစာမေးပွဲဖြေဆိုသူ ၃၆ ဦးလုံး အောင်မြင်

စစ်ကော်မရှင်လက်အောက်ခံ၊ ပညာရေးဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ထုတ်ပြန်ခဲ့ရာ ရန်ကုန်တိုင်း၊ အင်းစိန်ဗဟိုအကျဉ်းထောင်မှ ဝင်ရောက်ဖြေဆိုခဲ့ကြသည့် အကျဉ်းသားနှင့် အကျဉ်းသူအားလုံး ရာနှုန်းပြည့် အောင်မြင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၃၃ ဦးနှင့် အကျဉ်းသူ ၃ ဦး၊ စုစုပေါင်း ဖြေဆိုသူ ၃၆ ဦး ရှိခဲ့ပြီး ၎င်းတို့အားလုံး တစ်ဦးတစ်ယောက်မျှ ကျရှုံးခြင်းမရှိဘဲ အောင်မြင်ခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ အောင်မြင်ခဲ့ကြသူများအနက် ၃ ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၁ ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် ၅ ဦးအထိ ရှိခဲ့ပြီး၊ ကျန်ရှိသည့် အကျဉ်းသားနှင့် အကျဉ်းသူ ၂၉ ဦးမှာ ရိုးရိုးအဆင့်ဖြင့် အသီးသီး အောင်မြင်ခဲ့ကြသည်။

အလားတူ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အောင်မြင်သူဦးရေ စုစုပေါင်း တစ်သိန်းသုံးသောင်းကျော်အထိ ရှိခဲ့ကြောင်း သိရသည်။