ဥရောပနှင့် တောင်အမေရိက ထိပ်သီးအသင်းကြီးများ ရှုံးထွက်အဆင့်၌ စောစီးစွာ ဆုံတွေ့နေ၍ အကြိတ်အနယ်ရှိမည့် ကမ္ဘာ့ဖလား (၃၂) သင်းအဆင့်

ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အုပ်စုအဆင့်ပွဲစဉ်များ အားလုံး ပြီးဆုံးသွားခဲ့ပြီးနောက် ပရိသတ်များ စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြသည့် ရှုံးထွက် (၃၂) သင်းအဆင့်သို့ တက်လှမ်းလာခဲ့သည့် အသင်းများ၏ ထိပ်တိုက်တွေ့ဆုံမည့် ပွဲစဉ်ဇယားများ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

အဆိုပါ ထွက်ပေါ်လာသော ပွဲစဉ်ဇယားများအရ တောင်အာဖရိကအသင်းသည် ကနေဒါအသင်းနှင့်လည်းကောင်း၊ တောင်အမေရိကအင်အားကြီး ဘရာဇီးအသင်းသည် အာရှထိပ်သီး ဂျပန်အသင်းနှင့်လည်းကောင်း၊ ဂျာမနီအသင်းသည် ပါရာဂွေးအသင်းနှင့်လည်းကောင်း၊ နယ်သာလန်အသင်းသည် မော်ရိုကိုအသင်းနှင့်လည်းကောင်း အသီးသီး ထိပ်တိုက်တွေ့ဆုံကာ အကြိတ်အနယ် ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။

ထို့အပြင် အိုင်ဗရီကို့စ်အသင်းသည် နော်ဝေးအသင်းနှင့်လည်းကောင်း၊ ပြင်သစ်အသင်းသည် ဆွီဒင်အသင်းနှင့်လည်းကောင်း၊ မက္ကဆီကိုအသင်းသည် အီကွေဒေါအသင်းနှင့်လည်းကောင်း၊ အင်္ဂလန်အသင်းသည် ဒီအာကွန်ဂိုအသင်းနှင့်လည်းကောင်း တစ်ဖက်နှင့်တစ်ဖက် ရှုံးထွက်အဆင့်မှ ဆက်လက်တက်လှမ်းနိုင်ရေးအတွက် အားပြိုင်သွားကြရမည် ဖြစ်သည်။

ကျန်ရှိနေသည့် ပွဲစဉ်များတွင်လည်း ဘယ်လ်ဂျီယံအသင်းနှင့် ဆီနီဂေါအသင်း၊ အမေရိကန်အသင်းနှင့် ဘော့စနီးယားအသင်း၊ စပိန်အသင်းနှင့် သြစတြီးယားအသင်း၊ ပေါ်တူဂီအသင်းနှင့် ခရိုအေးရှားအသင်းတို့သည် တစ်ဦးကိုတစ်ဦး အနိုင်ယူကျော်ဖြတ်ရန် ထိပ်တိုက်ဆုံတွေ့နေကြသည်။

နောက်ထပ်ပွဲစဉ်များအနေဖြင့် ဆွစ်ဇာလန်အသင်းသည် အယ်လ်ဂျီးရီးယားအသင်းနှင့်လည်းကောင်း၊ သြစတြေးလျအသင်းသည် အီဂျစ်အသင်းနှင့်လည်းကောင်း၊ အာဂျင်တီးနားအသင်းသည် ကိတ်ဗာဒီအသင်းနှင့်လည်းကောင်း၊ ကိုလံဘီယာအသင်းသည် ဂါနာအသင်းနှင့်လည်းကောင်း အဆင့်ဆင့် ရင်ဆိုင်ကစားသွားကြရမည် ဖြစ်သည်။

ယခု ထွက်ပေါ်လာသည့် ရှုံးထွက် (၃၂) သင်းအဆင့် ပွဲစဉ်များအနက် ဥရောပထိပ်သီးအသင်းကြီးနှစ်သင်း စောစီးစွာ ဆုံတွေ့နေသည့် ပေါ်တူဂီ နှင့် ခရိုအေးရှား ပွဲစဉ်၊ တောင်အမေရိကနှင့် အာရှ၏ နည်းစနစ်ချင်း အားပြိုင်မည့် ဘရာဇီး နှင့် ဂျပန် ပွဲစဉ်သည် ရိသတ်များအကြား စိတ်ဝင်စားမှုအမြင့်ဆုံးနှင့် အကောင်းဆုံးသော ပွဲကောင်းကြီးများ ဖြစ်လာနိုင်ပါသည်။

ထို့အပြင် နယ်သာလန် နှင့် မော်ရိုကို ၊ ပြင်သစ် နှင့် ဆွီဒင် အစရှိသည့် ပွဲစဉ်များသည်လည်း အားပြိုင်မှု ပြင်းထန်ပြီး အလှည့်အပြောင်း မြန်ဆန်နိုင်သည့် စိတ်လှုပ်ရှားဖွယ် ပွဲကောင်းများ ဖြစ်လာနိုင်သည်။