လက်နက်ခဲယမ်းနှင့် အလင်းဝင်လာသော စစ်မှုထမ်းတပ်သားကို ကျပ် ၁၀ သိန်း ချီးမြှင့်

ဓာတ်ပုံ - KNU

လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်လာသော စစ်မှုထမ်းတပ်သားတစ်ဦးကို ဆုငွေ ကျပ်၁၀သိန်း ချီး မြှင့်ခဲ့ကြောင်း ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်သည်။

ကေအဲန်ယူ၊ညောင်လေးပင်ခရိုင်(ခလယ်လွီထူ)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း ၃ ထံသို့ ခမရ-၅၉၆ တပ်ရင်းမှ တပ်သား ပြည့်စုံအောင်သည် ဇွန်လ၂၇ရက်က အလင်းဝင် လာခြင်းဖြစ်ကြောင်း သိရသည်။

“အခုဆို စစ်မှုထမ်းတပ်သားအရေအတွက်က သင်တန်းဆင်းပြီးတာ တစ်သိန်းကျော်နေပြီ။ တစ်သိန်း ကျော်မှာ အလင်းဝင်တာက ပစ(စစ်မှုထမ်းတပ်သား)တွေချည်းဆို ၂၀၀၀ တောင်မပြည့်သေးဘူး။ အ ရမ်းနည်းလွန်းနေတယ်။ဘာ့ကြောင့်နည်းနေတာလဲ။သက်ဆိုင်တဲ့ တော်လှန်ရေးခေါင်းဆောင်တွေ သုံးသပ်အဖြေရှာနိုင်ဖို့ အရေးကြီးတယ်”ဟု CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။

အသက်၂၃နှစ်အရွယ်ရှိ တပ်သားပြည့်စုံအောင်သည် MA-1 သေနတ် တစ်လက်၊ ကျည်အိမ် ၃ ခု၊ လက်ပစ်ဗုံးတစ်လုံးနှင့် ကျည်ဆန် အတောင့်၂၀၀တို့ ယူဆောင်ကာ အလင်းဝင်လာခြင်းဖြစ်သည်။

မိမိဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံနေရသည့် တပ်သားများအနေနှင့် မိမိတို့၏ အသက်အန္တရာယ်နှင့် အနာဂတ်ကို ကာကွယ်နိုင်ရန် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ အလင်းဝင်ရောက်ကြရန် ကေအဲန်ယူဗဟိုက တိုက်တွန်းထားသည်။

အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သားအများစုမှာ စစ်တပ်ကို ပြန်တော်လှန်နေကြကြောင်း MDSI ထုတ်ပြန်သည့် ‘ပြည်သူ့စစ်မှုထမ်းဥပဒေ ဖော်ဆောင်သက် ရောက်မှု လေ့လာဆန်း စစ်ချက်”အစီရင် ခံစာ၌ ဖော်ပြထားသည်။