ပုလဲမောင်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင်လုပ်ဆောင်ပြီး အမှားဖုံးကွယ်ရန် သတ်ဖြတ်ခဲ့သူများ ကြိုးပမ်းနေဟု ရွှေဘိုခရိုင်စစ်ဌာန ထုတ်ပြန်

ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာ မတရားလုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများသည် ၎င်းတို့၏ အမှားကို ဖုံးကွယ်ရန်နှင့် ကျဆုံးသူ၏ တော်လှန်ရေးဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်ဆောင်နေကြကြောင်း အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနက ယမန်နေ့(ဇွန် ၂၇ရက်) ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်အရ လုပ်ကြံသတ်ဖြတ်သူများနှင့် ၎င်းတို့၏ အပေါင်းအပါများသည် မြေပြင်အမှားကို ဖုံးကွယ်ရန်အတွက် လုပ်ကြံဖန်တီးထားသော ဗွီဒီယိုများနှင့် အသံဖိုင်များကို သတင်းမီဒီယာများနှင့် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် တမင်ဖြန့်ဝေလျက်ရှိကြောင်း ဆိုထားသည်။

ထိုကဲ့သို့ ကျဆုံးသူ တပ်ရင်းမှူး ပုလဲမောင်၏ တော်လှန်ရေးဂုဏ်သိက္ခာကို ပါးပါးနပ်နပ် တိုက်ခိုက်လာသည့် လုပ်ရပ်များသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ဂုဏ်သိက္ခာကိုသာမက နွေဦးတော်လှန်ရေးတစ်ရပ်လုံးကို ထိခိုက်နစ်နာစေသည့် တန်ပြန်တော်လှန်ရေးလုပ်ရပ်ဖြစ်ကြောင်း အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနက ပြတ်ပြတ်သားသား ဆိုထားသည်။

တပ်ရင်းမှူး ပုလဲမောင်သည် ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့က ယင်းမာပင်ခရိုင်စစ်ဌာန ခရိုင်ကွပ်ကဲရေးမှူး ဦးဆောင်ပြုလုပ်သည့် အစည်းအဝေးအတွင်း မတရားလုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်။

၎င်းအမှုနှင့် ပတ်သက်၍ ကွယ်လွန်သူ၏ မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါကြောင်းနှင့် နောက်ကွယ်မှ ကြိုးကိုင်စေခိုင်းသူများ၊ ကျူးလွန်သူများအားလုံးကို အမှုမှန်ပေါ်ပေါက်ရေးနှင့် ထိရောက်စွာ အရေးယူနိုင်ရေးအတွက် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည့်အပြင်၊ နောင်တွင် အလားတူဖြစ်ရပ်မျိုး မရှိစေရန် စံပြအရေးယူမှု ပြုလုပ်ပေးရန် အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာန တောင်းဆိုထားသည်။