ထိုင်းနိုင်ငံ၊ ဆာချမ်ဆောင်းခရိုင်၊ ဖနွန်စာရခမ်မြို့နယ်၊ ကော့ခနွန်အပိုင် နောင်နမ်ဒမ်ကျေးရွာတွင် ဇွန်လ ၂၇ ရက်နေ့ ည ၁၁ နာရီခွဲဝန်းကျင်အချိန်က သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားသည့်နေရာသို့ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိသည့်အခါ၌ ကွင်းပြင်ကျယ်တစ်ခုထဲတွင် သွေးအိုင်ထဲလဲသေဆုံးနေသည့် မြန်မာအလုပ်သမား ၃ ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရပြီး ၎င်းတို့၏ခန္ဓာကိုယ်များတွင် သေနတ်ဒဏ်ရာ ၃ ချက်မှ ၄ ချက်စီ ထိမှန်ထားသည်ကို တွေ့ရသည်။
ထို့ပြင် အခင်းဖြစ်ပွားရာနေရာတွင် ဦးခေါင်းကို ပုလင်းဖြင့်အရိုက်ခံရပြီး ဘယ်ဘက်နံဘေးကို ဓားဖြင့်ထိုးခံထားရသဖြင့် ပြင်းထန်ဒဏ်ရာရရှိနေသည့် အသက် ၂၄ နှစ်အရွယ် ထိုင်းနိုင်ငံသား နာအီဖီချိုင်း ဆိုသူကိုလည်း တွေ့ရှိရသဖြင့် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရသည်။
သေဆုံးသူများ၏ အမည်စာရင်းကိုမူ လတ်တလောတွင် အတည်မပြုနိုင်သေးကြောင်း သိရသည်။
ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သေနတ်ဖြင့် ပစ်ခတ်ခဲ့သူမှာ အသက် ၂၄ နှစ်အရွယ် ကျေးရွာလုံခြုံရေးဝန်ထမ်း ရွာစောင့်ရဲတစ်ဦးဖြစ်သည့် နာအီသီရဖတ် ဖြစ်ပြီး ၎င်းက အခင်းဖြစ်ပွားရခြင်းမှာ မြန်မာအလုပ်သမား အယောက် ၂၀ ခန့်သည် အုပ်စုခွဲပြီး ကားမီးကြီးများထိုး၊ သီချင်းများအကျယ်ကြီးဖွင့်ကာ အရက်သောက် ဆူညံနေကြခြင်း ဖြစ်သည်ဟုဆိုသည်။
ထို့ကြောင့် ၎င်းနှင့် ဒဏ်ရာရသွားသည့် ၎င်း၏သူငယ်ချင်း နာအီဖီချိုင်းတို့က သွားရောက်ပြီး ဆူညံသံများ လျှော့ချရန်နှင့် ကားမီးကြီးများကို ပိတ်ပေးရန် သွားရောက် သတိပေးခဲ့ကြောင်း၊ ထိုသို့ သတိပေးလိုက်သည့်အခါတွင် မြန်မာအလုပ်သမားများက မီးပိတ်လိုက်ပြီးနောက်ပိုင်း စကားများရန်ဖြစ်ကာ ၎င်း၏သူငယ်ချင်းကို ပုလင်းဖြင့် လှမ်းရိုက်ခဲ့ကြသည်ဟု ထွက်ဆိုသည်။
၎င်းက သေနတ်ဖြင့် မိုးပေါ်ထောင်ဖောက်ပြီး အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားခဲ့သော်လည်း မြန်မာအလုပ်သမားများက မရပ်တန့်ဘဲ ရန်ရှာရန် ထပ်မံဦးတည်လာခဲ့သည့်အပြင် မြန်မာအလုပ်သမားများက ဓားများဖြင့် လိုက်ထိုးသဖြင့် ၎င်း၏သူငယ်ချင်းဖြစ်သူ နောက်ဆုတ်ပြေးရင်း လဲကျသွားသည့်အချိန်တွင် ဓားဖြင့် ဝိုင်းထိုးခဲ့ကာ၊ ဒါတင်မကဘဲ ဓားကိုင်ထားသည့် မြန်မာအလုပ်သမား ၁၀ ယောက်နီးပါးသည် ၎င်းထံသို့ အုပ်စုလိုက် ဝိုင်းအုံပြီး ပြေးဝင်လာကြသောကြောင့် ထိတ်လန့်ပြီး မိမိကိုယ်ကိုယ် ကာကွယ်သည့်အနေဖြင့် သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရခြင်း ဖြစ်သည်ဟု ထွက်ဆိုထားသည်။
မြေပြင်တွင်မူ ၉ မမ သေနတ်ကျည်ခွံပေါင်း ၁၆ ခုထက်မက သက်သေခံအဖြစ် ကျန်ရှိနေသည်ကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပြီး လတ်တလောတွင် ထိုင်းမှုခင်းအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က အခင်းဖြစ်ပွားရာ မြေပြင်သက်သေခံပစ္စည်းများကို သိမ်းဆည်းကာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် အရေးယူနိုင်ရန် လုပ်ဆောင်နေသည်။
