စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တလိုင်းကျေးရွာသို့ ယနေ့ ဇွန်လ ၂၈ ရက် နေ့လယ်ပိုင်းတွင် စစ်ကော်မရှင်တပ်က လေကြောင်းမှ နှစ်ကြိမ်တိုင်တိုင် ရက်ရက်စက်စက် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၇ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ နေ့လယ် ၁၂ နာရီခန့်တွင် စစ်ကော်မရှင်က Mi-35 စစ်ရဟတ်ယာဉ်တစ်စင်းဖြင့် တလိုင်းကျေးရွာအတွင်းသို့ ပထမအကြိမ် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်တွင် တံတားဦးလေတပ်မှ ပျံတက်လာသည့် ဂျက်တိုက်လေယာဉ် တစ်စင်းဖြင့် ဒုတိယအကြိမ် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျေးရွာအတွင်းရှိ အပြစ်မဲ့ အရပ်သားပြည်သူ ၇ ဦး နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရပြီး၊ သေဆုံးသူများထဲတွင် အသက်မပြည့်သေးသည့် ကလေးငယ် ၂ ဦး ပါဝင်နေသည်။
ထို့ပြင် ပြင်းထန်ဒဏ်ရာရရှိထားသည့် ကလေးငယ် ၁ ဦးအပါအဝင် စုစုပေါင်း ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိထားပြီး လက်ရှိတွင် ဆေးဝါးကုသမှု ခံယူနေရသည်။
စစ်ကော်မရှင်သည် စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယခုကဲ့သို့ လေကြောင်းအင်အား အလွန်အကျွံသုံးကာ ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ဒေသခံပြည်သူများ သေဆုံးထိခိုက်မှုများပြားလျက်ရှိနေသည်။
