ပုလဲမောင် အသတ်ခံရသည့် နောက်ကွယ်မှ အဓိကတာဝန်ရှိသူ စွမ်းသူမောင်ကို NUG ဖမ်းဆီးပြီး အထက်ပိုင်းဒေသသို့ ပို့ဆောင်ထား

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း အစည်းအဝေးပြုလုပ်နေစဉ် အမှတ် (၆) တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာ သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး နောက်ကွယ်မှ အဓိကတာဝန်ရှိသူဖြစ်သည့် ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး စွမ်းသူမောင်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖမ်းဆီးထိန်းသိမ်းကာ အထက်ပိုင်းဒေသသို့ ပို့ဆောင်ထားကြောင်း သိရသည်။

“မနေ့က ဖမ်းလိုက်တာပါ။ သူ့ကို ယင်းမာပင်မှာဘဲ မချုပ်ထားဘဲနဲ့ အထက်ပိုင်းကို ပို့ထားပါတယ်။ ဖမ်းလိုက်တာ တကယ်ပါ။ ယင်းမာပင်မှာ မထားတာက လုံခြုံရေးကြောင့်လည်းပါပါတယ်” ဟု မြေပြင် သတင်းရင်းမြစ်က MPA သို့ပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်သည် ယင်းမာပင်ခရိုင်စစ်ဌာန ခရိုင်ကွပ်ကဲရေးမှူး စွမ်းသူမောင် ဦးဆောင်ပြုလုပ်သည့် ခရိုင်အစည်းအဝေးအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ စွမ်းသူမောင်၏ ကိုယ်ရေးအရာရှိ (PA) ဖြစ်သူက အစည်းအဝေးအတွင်းမှာပဲ တပ်ရင်းမှူး ပုလဲမောင်ကို သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်း၏ တပ်ရင်းမှူး ပုလဲမောင် ပစ်သတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူအား စစ်ဘက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်က ဇွန် ၂၆ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ရဲဘော် ငဖြိုး ဆိုသူက ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်း၊ တပ်ရင်းမှူး ရဲဘော် ပုလဲမောင် အား ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် တပ်ရင်းမှူး ရဲဘော် ပုလဲမောင်သည် အဆိုပါနေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း အတည်ပြုထားသည်။

ပစ်ခတ်မှုကို ကျူးလွန်ခဲ့သည့် ရဲဘော် ငဖြိုးအား လက်ရှိတွင် လက်နက်ဖြုတ်သိမ်းကာ ယင်းမာပင်ခရိုင် စစ်ဌာန အချုပ်ထောင်၌ ဖမ်းဆီးထိန်းသိမ်းထားရှိပြီး ဖြစ်ကာ၊ ၎င်းကျူးလွန်ခဲ့သည့် ပြစ်မှုနှင့် ပတ်သက်၍ စစ်ဘက်ဆိုင်ရာ တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများအတိုင်း ပြတ်ပြတ်သားသား ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဟု NUG ကဆိုသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် အခြေအနေများကို တိကျစွာ သိရှိနိုင်စေရန်နှင့် မလိုလားအပ်သော နောက်ဆက်တွဲ ကိစ္စရပ်များ မဖြစ်ပေါ်စေရေးအတွက် စစ်ကိုင်းတိုင်းစစ်ဌာန တာဝန်ရှိသူများက အနီးကပ် ကွင်းဆင်းစစ်ဆေးလျက် ရှိကာ၊ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်း၊ တပ်ရင်းမှူး ရဲဘော်ပုလဲမောင်၏ ကျဆုံးမှုနှင့် ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် မိသားစုဝင်များ၊ ရဲဘော်ရဲဘက်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ခဲ့သည်။

သို့သော် NUG အစိုးရက ထုတ်ပြန်ခဲ့သည့် ပုလဲမောင်ကို သတ်ဖြတ်ခဲ့သူမှာ ရဲဘော် ငဖြိုးဟုဆိုသော် မြေပြင်သတင်းရင်းမြစ်ကမူ ရဲဘော်ငဖြိုးမဟုတ်ဘဲ စွမ်းသူမောင်၏ PA မှာ အခြားတစ်ဦးဖြစ်သည့်အတွက် ရေလိုက်ငါးမလွဲစေရန် သေချာစုံစမ်းစစ်ဆေးသင့်ကြောင်း ထောက်ပြထားသည်။