တော်လှန်ရေးအင်အားစု အချင်းချင်း လက်နက်သုံးဖြေရှင်းမှုများ ရပ်တန့်ရန်နှင့် ဘုံရန်သူကိုသာ ဦးတည်တိုက်ခိုက်ရန် တော်လှန်ရေး ၉၅ ဖွဲ့ ပူးတွဲကမ်ပိန်းစတင်

By MPA

နွေဦးတော်လှန်ရေးကာလ ရှည်ကြာလာသည်နှင့်အမျှ တော်လှန်ရေးအင်အားစု အချင်းချင်းကြား သဘောထားကွဲလွဲမှုများနှင့် လက်နက်ကိုင်ဖြေရှင်းသည့် သွေးထွက်သံယိုဖြစ်ရပ်များ ရှိလာ၍ ‘ဘုံရန်သူ ဦးတည်တိုက်ရေးနဲ့ ညီညွတ်ရေးဆီသို့’ အမည်ရှိ ကမ်ပိန်းတစ်ရပ်ကို ဇွန်လ ၂၈ ရက်နေ့က စတင်လိုက်ကြောင်း တော်လှန်ရေးအင်အားစု (၉၅) ဖွဲ့က ပူးတွဲကြေညာချက် ထုတ်ပြန်ကာ တိုက်တွန်းနှိုူးဆော်လိုက်သည်။

လက်ရှိဆင်နွှဲနေသော တော်လှန်ရေးကြီးသည် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန် သမိုင်းဝင်အခွင့်အလမ်းကြီး ဖြစ်သော်လည်း တော်လှန်ရေးအဖွဲ့အစည်းများအကြား အထူးသဖြင့် အညာဒေသ စစ်ကိုင်းတိုင်းအတွင်းရှိ PDF တပ်ဖွဲ့များကြားတွင် အကွဲအပြဲများနှင့် ပွတ်တိုက်မှုများ ပိုမိုဖြစ်ပေါ်လာနေသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့က ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှ တပ်ရင်းမှူး ရဲဘော်ပုလဲမောင်အား ရဲဘော်ငဖြိုး ဆိုသူက ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် နေရာတင် သေဆုံးခဲ့သည့် ဖြစ်ရပ်အပါအဝင် အချင်းချင်း သွေးထွက်သံယိုမှုများ ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ ကမ်ပိန်းလှုပ်ရှားမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ပြဿနာများကို လက်နက်အားကိုးဖြင့် ဖြေရှင်းရန် ကြိုးပမ်းခြင်းသည် တော်လှန်ရေးအရှိန်အဟုန်ကို တန့်သွားစေနိုင်ပြီး ဘုံရန်သူ စစ်အုပ်စုကိုသာ အသက်ဆက်သွင်းရာ ရောက်ရှိသွားနိုင်ကြောင်း တော်လှန်ရေးအင်အားစုများက ပြင်းပြင်းထန်ထန် သတိပေးထားသည်။

ထို့ကြောင့် သမိုင်းသင်ခန်းစာများအရ တော်လှန်ရေးအင်အားစုများ ညီညွတ်မှသာ အောင်ပွဲရရှိနိုင်မည်ဖြစ်သဖြင့် အချက် (၃) ချက်ကို အတူတကွ ပူးပေါင်းပါဝင်ပေးကြရန် နှိုးဆော်ထားသည်။

တော်လှန်ရေးနှင့် နိုင်ငံရေးအင်အားစုများအနေဖြင့် အချင်းချင်းကြား လက်နက်သုံးဖြေရှင်းမှုများကို ဝိုင်းဝန်းတားဆီးကြရန်နှင့် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုများကို ဝန်းရံပေးကြရန်၊ အတတ်ပညာရှင်၊ အသိပညာရှင်နှင့် အနုပညာရှင်များက မိမိတို့တတ်ကျွမ်းသည့် ကဏ္ဍများမှတစ်ဆင့် ဦးတည်ချက်မပျောက်ကွယ်စေရေး အသိပညာပေးမှုများကို လူမှုကွန်ရက်နှင့် မြေပြင်တွင် ကူညီလုပ်ဆောင်ပေးကြရန်၊ မိဘပြည်သူတစ်ရပ်လုံးက အဆိုပါကမ်ပိန်း၏ ကြွေးကြော်သံများနှင့် ပိုစတာများကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေကာ လူထုဖိအားတစ်ရပ်အဖြစ် ဝိုင်းဝန်းပါဝင်ပေးကြရန် အစရှိသည်တို့ကို တိုက်တွန်းနှိုးဆော်ထားသည်။

ယခုလှုပ်ရှားမှုသည် မည်သူ့ကိုမျှ အပြစ်တင်ရန်မဟုတ်ဘဲ မကျေလည်မှုများကို လက်နက်၊ အင်အားဖြင့် မဖြေရှင်းဘဲ ညီညွတ်ရေးကို အခြေခံသည့် နိုင်ငံရေးအရ တန်းတူရည်တူ ညှိနှိုင်းဆွေးနွေးခြင်း နည်းလမ်းဖြင့်သာ စံနမူနာပြ ဖြေရှင်းသွားကြရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် “စစ်အုပ်စုသာ ပြည်သူ့ရန်သူ ဘုံရန်သူကို ဦးတည်တိုက်ကြ”၊ “ဘုံရန်သူကို ထိုးနှက်၊ ရဲဘော်ချင်း ပေါင်းစပ်၊ တော်လှန်ရေးပန်းတိုင်ဆီ အတူတူချီတက်” နှင့် “ညီညွတ်ရေးဟာ အစွမ်းထက်ဆုံးလက်နက်” စသည့် ကြွေးကြော်သံများနှင့်အတူ တော်လှန်ရေးကို အင်ပြည့်အားပြည့်ဖြင့် ရှေ့ဆက်ကြရန်လည်း တိုက်တွန်းထားသည်။

ဓာတ်ပုံ – ထုတ်ပြန်ချက်