အစိုးရတုလက်ထက်တွင်လည်း စစ်တပ်၏ ဗိုလ်ကျမှုဒဏ် ရန်ကုန်ရဲများ ဆက်ခံနေရဆဲဟုဆို

အရပ်သားအစိုးရတုလက်ထက်တွင်လည်း စစ်တပ်၏ ဗိုလ်ကျမှုဒဏ်ကို ရန်ကုန်ရဲများက ဆက်လက်ခံနေရဆဲဖြစ်ကြောင်း သိရသည်။

အသွင်ပြောင်းအရပ်သားအစိုးရတုတက်လာပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်မှာ ရဲဗိုလ်ချုပ်ရာထူးအထိ တာဝန်ထမ်းခဲ့သည့် သန္ဓေရဲ အောင်နိုင်သူဖြစ်သောကြောင့် ရန်ကုန်တွင် စစ်တပ်၏ ဗိုလ်ကျရမ်းကား မှုများ လျော့ပါးသွားနိုင်မလားဟု ရဲတပ်ဖွဲ့ဝင်တို့က မျှော်လင့်ချက်ထားခဲ့ကြသော်လည်း မထူး ကြောင်း ရန်ကုန်မြို့ရဲသတင်းရင်းမြစ်က ဆိုသည်။

“ဘာမှမထူးပါဘူး။ရဲတွေကို စစ်တပ်မပြောနဲ့။စစ်တပ်ဆီမှာ တပည့်ခံပြီး လုပ်စားနေတဲ့ ပျူလူမိုက် တွေတောင် အဖက်မလုပ်ဘူး။ ရန်ကုန်မြို့စွန်တွေမှာ တာဝန်ကျတဲ့ ရဲတွေက ပိုခံရတယ်”ဟု ၎င်းက MPAသို့ပြောသည်။

ရန်ကုန်မြို့တွင် သက်ဆိုင်ရာနယ်မြေအလိုက် တာဝန်ကျ‌နေသောစစ်တပ်သည် ရပ်ကွက်အုပ်ချုပ်ရေး မှူးများကိုလည်း တိုက်ရိုက်ချုပ်ကိုင်ထားသလို ရန်ကုန်မြို့စွန်မြို့နယ်များ၌ ပျူစောထီးတို့ကိုမွေးကာ ပျူစောထီးတို့၏ ရာဇဝတ်လုပ်ငန်းများမှ လိုင်းကြေးရယူနေကြောင်း သိရသည်။

“ကျနော်တို့ လှိုင်သာယာ၊ရွှေပြည်သာဘက်ခြမ်းမှာက အာဏာသိမ်းပြီးကတည်းက လူမိုက်တွေက ပျူစောထီးဖြစ်ကုန်တယ်။ တချို့ပျူတွေကျတော့ အုပ်ကြီးတောင် တက်လုပ်ကြသေးတယ်။ ပျူလူ မိုက်တွေပြီးရင် ဒီဘက်မှာ အကုန်ပြီးတယ်”ဟု လှိုင်သာယာမြို့နယ်၊မီးခွက်ဈေးအနီးနေ အသက်၄၆ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

ပျူလူမိုက်တို့သည် လောင်းကစား၊ စစ်မှုထမ်းပြန်ပေးဆွဲ စသည့် ဒုစရိုက်မှုမျိုးစုံကို ဂိုဏ်းဖွဲ့လုပ်ကိုင် နေကြပြီး ၎င်းတို့ကို စစ်တပ်က ကျောထောက်နောက်ခံပြုထားသည်။

“အခုနည်းနည်း နာမည်ရှိတဲ့ ပျူလူမိုက်တွေက အတို(သေနတ်အတို)တွေ ကိုင်ကြတာ။လှိုင်သာယာ နဲ့ တွံတေးကြားမှာဆို သေနတ်ခါးကြားထိုးထားတဲ့ လူမိုက်တွေတောင် ရှိတယ်”ဟု ၎င်းက ဆက် လက်ပြောသည်။
စစ်တပ်သည် ပျူစောထီးမှတစ်ဆင့် ရဲတပ်ဖွဲ့ဝင်တို့က လိုင်းကြေးရယူနေသော ဒုစရိုက်လုပ်ငန်းများ ကို စိုးမိုးထားသဖြင့် ရဲများမှာ လိုင်းကြေးအစား သဒ္ဓါကြေးသာ ရတော့ကြောင်း သိရသည်။