ထိုင်းစစ်တပ်က စေတနာ့ဝန်ထမ်းစစ်သည် ၂၅,၀၀၀ ကို အွန်လိုင်းမှတစ်ဆင့် ခေါ်ယူမည်

By khaosode

ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနသည် လာမည့် ၂၀၂၇ ဘဏ္ဍာရေးနှစ် အသုံးစရိတ်တင်ပြချက်တွင် “စေတနာ့ဝန်ထမ်းစစ်သည်” အစီအစဉ်အတွက် ဘတ် ၁.၄၅၅ ဘီလီယံ လျာထားပြီး၊ အွန်လိုင်းလျှောက်လွှာစနစ်မှတစ်ဆင့် အင်အား ၂၅,၀၀၀ ခေါ်ယူသွားရန် စီစဉ်နေကြောင်း အစိုးရတာဝန်ရှိသူများက ပြောကြားသည်။

အဆိုပါ ဘတ်ဂျက်အဆိုပြုချက်ကို ၂၀၂၆ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အထိ ကျင်းပမည့် အောက်လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးညှိနှိုင်းသွားရန် လျာထားကြောင်းသိရသည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယခုဘဏ္ဍာငွေသည် အစိုးရ၏မူဝါဒနှင့် ယခင်က ကြေညာထားခဲ့သည့် ကာကွယ်ရေးအင်အားစုဆိုင်ရာ စီမံကိန်းများနှင့်အညီ ပေါ်ပေါက်လာသော “စေတနာ့ဝန်ထမ်းစစ်သည် (10 Plus)” အစီအစဉ်ကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းဘုရင့်ကြည်းတပ် (Royal Thai Army)၁၈,၇၈၄ထိုင်းဘုရင့်ရေတပ် (Royal Thai Navy)၃,၄၉၆ထိုင်းဘုရင့်လေတပ် (Royal Thai Air Force)၂,၁၇၄ထိုင်းဘုရင့်တပ်မတော်စစ်ဌာနချုပ် (Royal Thai Armed Forces HQ)၃၀၀ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ရုံး၂၄၆ စသည်ဖြင့် တပ်မတော်ကဏ္ဍအလိုက် ခွဲဝေချထားမည် ဖြစ်သည်။

အဆိုပါ အသုံးစရိတ်သည် ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍ ဝန်ထမ်းအသုံးစရိတ် စီမံချက်အောက်တွင် ရှိနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သော ကာကွယ်ရေးကောင်စီအစည်းအဝေးတွင် ယာယီစစ်မှုထမ်းများအတွက် တာဝန်ထမ်းဆောင်ရမည့် သက်တမ်း၊ လစာ၊ ခံစားခွင့်များ၊ စည်းမျဉ်းစည်းကမ်းများနှင့် စစ်စည်းကမ်းဆိုင်ရာ အရေးယူဆောင်ရွက်မှုများကို ပြဋ္ဌာန်းမည့် ဝန်ကြီးဌာနအဆင့် နည်းဥပဒေမူကြမ်းကို အတည်ပြုခဲ့ပြီး ယခုစီမံကိန်းကို ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

စီမံကိန်းအရ စစ်သည်ခေါ်ယူခြင်းကို အွန်လိုင်းစနစ်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ (၂၀၂၆) ခုနှစ် စက်တင်ဘာလမှ ၂၀၂၇ ခုနှစ် ဇန်နဝါရီလအတွင်း တစ်နှစ်လျှင် စေတနာ့ဝန်ထမ်း ၂၅,၀၀၀ နှုန်းဖြင့် ရည်မှန်းခေါ်ယူသွားမည်ဖြစ်သည်။

လျာထားသည့် အချိန်ဇယားအတိုင်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအလိုက် တာဝန်များခွဲဝေကာ ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာနသည် စီမံကိန်းကို သတ်မှတ်ချက်များအတိုင်း ဆက်လက်အကောင်အထည်ဖော်နိုင်ရန်နှင့် ဘတ်ဂျက်ဆိုင်ရာ ကိစ္စရပ်များကို အချောသတ်နိုင်ရန်အတွက် လာမည့် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် စာရင်းစစ်ချုပ်ရုံး နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။