စစ်ဘေးရှောင်နေရသော မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်တောက်နေသည့် ကိုရီးယား ရောက်မြန်မာလုပ်သားအချို့ စိတ်ကျဝေဒနာခံစားနေကြရကြောင်း သိရသည်။
ကိုရီးယားရောက်မြန်မာများအနက် အလုပ်လုပ်ကိုင်နေကြသူအချို့မှာ စိတ်ကျဝေဒနာ ခံစားနေရမှု များပြီး ယင်းအနက် စစ်ရှောင်မိသားစုများနှင့် အဆက်အသွယ်မရသူများလည်း ပါဝင်ကြောင်း ကိုရီးယား၌ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်သော ကိုကိုအောင်က ပြောသည်။
“မိသားစု ဖိအားထက် မြန်မာပြည်တွင်းရှိ မိသားစုတွေက စစ်ဘေးရှောင်နေကြရတယ်။ မိဘ ညီ အစ်ကိုတွေ၊ ဇနီး၊ သားသမီးတွေရဲ့ ရွာတွေ မီးရှို့ခံရ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ မိသားစုတွေ အဆက်အသွယ် မရကြတဲ့ မိသားစုတွေကြောင့်လည်း ပါဝင်ပါတယ်”ဟု ကိုကိုအောင်က MPAသို့ ပြောသည်။
ထို့အပြင် အသက်အရွယ်နှင့် မမျှဘဲ အလုပ်တာဝန်နှင့် မိသားစုတာဝန် ထမ်းနေရသူအချို့၊ တစ်ဦး တည်း နေထိုင်သူအချို့နှင့် အရက်အလွန်အကျွံ သောက်သုံးသူအချို့လည်း စိတ်ကျဝေဒနာခံစားနေ ရကြောင်း သိရသည်။
“ကိုရီးယားမှာ စိတ်ကျ ရောဂါသည်တွေ ရှိကြတယ်ဆိုပေမဲ့ အများကြီးတော့ မဟုတ်ပါဘူး။ ၁၀၀၀ကို တစ်ယောက်လောက်ပဲ ရှိမယ်လို့ ယူဆရပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းနှင့်ပတ်သက်သည့် စစ်တမ်းမရှိသဖြင့် အနီးစပ်ဆုံး အရေအတွက်ကို ခန့်မှန်း မပြောနိုင်ကြောင်း ၎င်းကဆိုသည်။
မြန်မာအများဆုံးနေထိုင်သော အင်ချွန်းမြို့၊ ဘူဖျောင်းရပ်ကွက်တွင် ဇွန်၂၈ရက်၊နံနက်၁၀နာရီ မိနစ်၄၀ခန့်က ၆ထပ်အဆောက်အအုံမှ မြန်မာ အမျိုးသားတစ်ဦး ပြုတ်ကျခဲ့ရာ အဲကွန်းစက်နှင့် ငြိပြီး တွဲလောင်းဖြစ်နေစဉ် ရဲနှင့်မီသတ်တို့က ကယ်ဆယ်၍ အသက်ချမ်းသာရာရခဲ့သည်။ ယင်းအမျိုးသား ကိုရဲတပ်ဖွဲ့က စိတ်ကျန်းမာရေးဆိုင်ရာ ဝေဒနာတစ်ခုခု ခံစားနေရသည်ဟု ယူဆသဖြင့် အရေးပေါ် ဆေးရုံတင် ကုသမှု ခံယူစေခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံတွင် ဗီဇာအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသား ၅သောင်းကျော်ရှိ ကြောင်း သိရသည်။
