လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အလွန်ကောင်းမွန်ဟု သမ္မတတုပြောခွင့်ရဆို

By MPA

လူထုခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ အလွန်ကောင်းမွန်နေကြောင်း သမ္မတတု ပြောရေးဆိုခွင့်ရှိသူ ခိုင်ခိုင်စိုးက ပြောသည်။

ယနေ့ပြုလုပ်သည့် တရားမဝင်သမ္မတရုံးသတင်းစာရှင်းလင်းပွဲအတွင်း ၎င်းက ပြောကြားသွားခြင်းဖြစ်သည်။

“ဘာမှ ပြဿနာမရှိပါဘူး။ အခက်အခဲမရှိပါဘူး။ အပြည့်အဝကို ကောင်းမွန်နေပါတယ်။ ဆေးစစ်မှုတွေကိုလည်း ပုံမှန်၊ ဆေးစစ်တာတွေကိုလည်း ပြုလုပ်ပေးနေပါတယ်” ဟု ခိုင်ခိုင်စိုးက ပြောသည်။

ထိုသို့ လူထုခေါင်းဆောင်နှင့်ပတ်သက်သည့် မေးခွန်းကို ဖြေနေခဲ့ချိန် နာမည်ပြောကြားရာတွင် ဒေါ်စုဟု မှားယွင်းထွက်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ပြင်ဆင်ပြောကြားခဲ့သည်ကို တွေ့ရသည်။

ထို့နောက် အာဆီယံအထူးကိုယ်စားလှယ်၏ တွေ့ခွင့်တောင်းဆိုမှုနှင့်ပတ်သက်ပြီး ပြန်လည်ဖြေကြားရာတွင် “ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေအရ အရေးယူခံထားရတဲ့၊ ပြစ်ဒဏ်ကျခံနေရတဲ့သူဖြစ်ပါတယ်။ အဲဒီအတွက် International ကိုယ်စားလှယ်တွေနဲ့ တွေ့လို့မရပါဘူး” ဟု ခိုင်ခိုင်စိုးက ပြောသည်။

အာဆီယံအစည်းအဝေးကို ဖိတ်ကြားပါက မင်းအောင်လှိုင်အနေဖြင့် တက်မည်ဟု တဆက်တည်း ပြောကြားသွားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း မင်းအောင်လှိုင်တို့ စစ်အုပ်စုက ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကစ၍ မတရားဖမ်းဆီးခဲ့ပြီး ထောင် ၃၃ နှစ်ချမှတ်ခဲ့သည်။

ထို့နောက် ပြစ်ဒဏ်လျှော့ပေါ့မှုအချို့ ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့တွင် နေပြည်တော်ရှိ နေအိမ်တစ်ခုတွင် ပြောင်းလဲချုပ်နှောင်ပြီး ကျန်ရှိနေသည့် ပြစ်ဒဏ်များကို ကျခံရမည်ကြောင်း ဓာတ်ပုံတစ်ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို လူလုံးထုတ်ပြခြင်းမရှိသကဲ့သို့ မိသားစု၊ ရှေ့နေတို့နှင့်လည်း ၂ နှစ်ကျော်ကြာ တွေ့ဆုံ၊ ဆက်သွယ်ခွင့် ဖြတ်တောက်ထားသည့်အတွက် သားငယ် ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေဆဲဖြစ်ကြောင်း သက်သေပြရန် “Proof of Life” ကမ်ပိန်းကို ဆင်နွှဲနေသည်။

သို့သော် ယခုချိန်ထိ ပေးမတွေ့သေးသည့်အတွက် ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို စိုးရိမ်နေသည်ဟု ကိုထိန်လင်းက ‌ပြီးခဲ့သည့်ရက်ပိုင်းက ထပ်မံထုတ်ဖော်ပြောဆိုထားသည်။