By MPA
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ သုမင်္ဂလာလမ်းမပေါ်ရှိ သုမင်္ဂလာပန်းခြံအတွင်း စိုက်ထူထားသော ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု နှစ်ရုပ်ကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ယနေ့ (ဇူလိုင် ၁ရက်) ညပိုင်းတွင် လာရောက်ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်တုများကို ဖျက်ဆီးရာတွင် ယနေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်က စတင်ကာ စစ်သားများ၊ ရဲများနှင့် စည်ပင်ဝန်ထမ်းများ အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။
သုမင်္ဂလာပန်းခြံအနီးသို့ ဘက်ဟိုးကားများနှင့် ဖောကား ၆ စီးအပါအဝင် အဖွဲ့စုံ ရောက်ရှိလာခဲ့ပြီးနောက် ထိုကဲ့သို့ စက်ယန္တရားများနှင့် လူအင်အားကို အသုံးပြုကာ အပြီးတိုင် ဖြိုဖျက်ခဲ့ကြခြင်း ဖြစ်သည်။
“ရဲ၊ စစ်သား၊ စည်ပင် အများကြီးဘဲ၊ ဘက်ဟိုးကော၊ လူအင်အားပါသုံးပြီးဖျက်နေတာ၊ ကြားတာတော့ တစ်ရုပ်ပဲဖျက်မယ်လို့ကြားတယ်။ အခုထိ(ည ၁၁နာရီ)ထိ လူတွေရှိသေးတယ်။ ဖျက်ဆီးနေကြတုန်းပဲ” ဟု တောင်ဥက္ကလာ ဒေသခံတစ်ဦးက MPAသို့ ပြောသည်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု နှစ်ရုပ်သည် NLD အစိုးရလက်ထက်က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင် ဦးဆောင်သည့်အဖွဲ့နှင့် ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်သည့်အဖွဲ့တို့က ၂၀၁၆ ခုနှစ်ကတည်းက အပြိုင်အဆိုင် တည်ဆောက်ရန် ကြိုးပမ်းရာမှ အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ၂၀၁၇ ခုနှစ် မေလကုန်တွင် ထိုစဉ်က ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက နှစ်ဖက်စုံညီ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ကာ သုမင်္ဂလာပန်းခြံအတွင်း မျှမျှတတ အတူတူ စိုက်ထူနိုင်ရန် ခွင့်ပြုချက် ပေးခဲ့ခြင်းကြောင့် ထိုပန်းခြံအတွင်း ဗိုလ်ချုပ်ကြေးရုပ် နှစ်ရုပ် အပြိုင် ရှိနေခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ သမိုင်းနောက်ခံ ဖြစ်စဉ်များရှိခဲ့ပြီး မြို့ပြအထင်ကရနေရာတွင် တည်ရှိနေသည့် ဗိုလ်ချုပ်ရုပ်တုများကို ညဉ့်နက်သန်းခေါင်အချိန်၌ စစ်ကော်မရှင်က အဓမ္မလာရောက်ဖြိုဖျက်မှုအပေါ် ဒေသခံပြည်သူများနှင့် လူထုအကြား ဝေဖန်မှုများ ပြင်းထန်နေသည်။
