သထုံ၊ဝင်းစိန်ရွာကို စစ်တပ် ဝင်စီးစဉ် ကျပ်သိန်းထောင်ချီတန်ဖိုးရှိ ငွေနှင့်ပစ္စည်းများ လုယက်သွား

မွန်ပြည်နယ်၊သထုံမြို့အနီးရှိ ဝင်းစိန်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းစဉ် ကျပ်သိန်းထောင်ချီ တန်ဖိုးရှိ ငွေနှင့် ပစ္စည်းများ လုယက်သွားခဲ့ကြောင်း သိရသည်။

သထုံမြို့အနီးရှိ ဝင်စိန်ရွာကို စစ်သားနှင့် ပျူစောထီး ၁၀၀ ဝန်းကျင်ဖြင့် ဇွန်လ၂၃ရက်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ဒေသခံပြည်သူ ၁၀ဦးခန့်အား ဖမ်းဆီးခဲ့ကာ တစ်ရွာလုံးကို မွှေနှောက်လုယက်သွား ကြောင်း ဒေသခံအချို့ထံက သိရသည်။

“ရွာသားတွေက စစ်တပ်ဝင်လာတော့ ထွက်ပြေးကြတယ်။အဲမှာ တစ်အိမ်တက်ဆင်း မွှေနှောက်ပြီး အဖိုးတန်တာ မှန်သမျှ အကုန်ခိုးသွားတယ်။ဆိုင်ကယ်တွေလည်း ယူသွားတယ်။ကျနော်တို့ ခန့်မှန်း ကြတာက သိန်းထောင်ချီတယ်။မမှားဘူး”ဟု သထုံမြို့၊ဘင်လှိုင်ရပ်နေ ပြည်သူတစ်ဦးက MPAသို့ ပြောသည်။

၂၀၁၄ခုနှစ်သန်းခေါင်စာရင်းအရ ဝင်းစိန်ရွာနှင့် ဝင်းစိန်ရွာသစ်တွင် အိမ်ထောင်စု ၅၀၀ကျော်ရှိ ကြောင်း ဖော်ပြထားသည်။

“ဝင်းစိန်နဲ့ ဝင်းစိန်ရွာသစ်က တစ်ခုတည်းပဲ။ အဲဒါအကုန်လုံးကို စစ်တပ်က မွှေပြီး လုသွားတယ်။ အခု ဂေါ့ရွာကနေ စပြီး တစ်ဆက်တည်းလို ဖြစ်နေပြီ။ဂေါ့ရွာ၊ကျုံပါရွာ၊ ပြီးတော့ ဝင်းစိန်”ဟု ၎င်းက ဆက် လက်ပြောသည်။

သထုံမြို့၊ဘင်လှိုင်ရပ်ကွက်ထိပ်မှ ဝင်းစိန်ရွာသို့ ဆိုင်ကယ်ဖြင့် သွားလျှင် ၁၀မိနစ်ကျော်သာ သွားရ ကြောင်း သိရသည်။

“ကျနော်နဲ့ သိတဲ့ အိမ်တစ်အိမ်က ပြောပြတာက သူတို့တစ်အိမ်တည်းတင် ရွှေ၃ကျပ်သား ပါသွား တယ်”ဟု သထုံမြို့စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

စစ်တပ်က ဖမ်းဆီးသွားသည့် ဝင်းစိန်ရွာသား ၁၀ဦးဝန်းကျင်မှာ ယနေ့အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

“သူတို့ဖမ်းသွားတာ လေ့ကျင့်ရေး၉ (အမှတ်၉ စစ်အခြေခံလေ့ကျင့်ရေးတပ်)ထဲကို။PDF လို့ခေါင်းစဉ် တပ်ပြီး ဖမ်းသွားတာ။PDF လုံးဝမဟုတ်ပါဘူး။အရပ်သား ရွာသားတွေပါ”ဟု ၎င်းက ဆက်လက် ပြောသည်။

ဝင်းစိန်ရွာသားအများစုမှာ ယနေ့ထိတိုင် ရွာထဲသို့ ပြန်မဝင်ရဲသေးသဖြင့် နီးစပ်ရာနေရာများ၌ ရှောင် တိမ်းနေကြကြောင်း သိရသည်။

လေ့ကျင့်ရေး၉ သည် သထုံမြို့နယ်၊ ဇရစ်ချောင်းရွာတွင် တည်ရှိသည်။