By MPA
ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု သုံးခု ဖျက်ဆီးခံရသည်ဟု သတင်းများထွက်ပေါ်လာသော်လည်း ပြည်သူ့ပါတီ ဥက္ကဋ္ဌ ကိုကိုကြီး၏ ရုပ်တုသာ ဖျက်ဆီးခံရသည်ဟု MPA က စုံစမ်းသိရှိရသည်။
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ သုမင်္ဂလာလမ်းမပေါ်ရှိ သုမင်္ဂလာပန်းခြံအတွင်း စိုက်ထူထားသော ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု နှစ်ရုပ်ရှိရာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ယမန်နေ့ ဇူလိုင် ၁ ရက် ညပိုင်းတွင် ကိုကိုကြီးကမကထပြုလုပ်ထားသည့်ရုပ်တုကိုသာ လာရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း MPA ၏ သတင်းရင်းမြစ်ထံမှ သိရသည်။
MPA သတင်းရင်းမြစ်တစ်ဦးပေးပို့သည့် ရုပ်သံအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ တောင်ဥက္ကလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စောနိုင်၏ ကြေးရုပ်တု မူလအတိုင်းရှိနေသည်ကို တွေ့မြင်ရသည်။
ထို့ပြင် သာကေတနယ်မြေရုံးအနီးရှိ မြကန်သာပန်းခြံထဲရှိ ကျောင်းသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်ဖျက်ဆီးခံရသည်ဟု သတင်းများထွက်ပေါ်လာသော်လည်း ဖျက်ဆီးခံရခြင်းမရှိသေးကြောင်း မြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့်ဇွန်လအတွင်း စစ်ကိုင်းတိုင်း ရေဦးမြို့နှင့် ပဲခူးတိုင်း၊ တောင်ငူမြို့တို့ရှိ ဗိုလ်ချုပ်ကြေးရုပ်တုများကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ညပိုင်းအချိန်များတွင် ခိုးဖျက်ခဲ့ကြသည်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု နှစ်ရုပ်သည် NLD အစိုးရလက်ထက်က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင် ဦးဆောင်သည့်အဖွဲ့နှင့် ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်သည့်အဖွဲ့တို့က ၂၀၁၆ ခုနှစ်ကတည်းက အပြိုင်အဆိုင် တည်ဆောက်ရန် ကြိုးပမ်းရာမှ အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ၂၀၁၇ ခုနှစ် မေလကုန်တွင် ထိုစဉ်က ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက နှစ်ဖက်စုံညီ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ကာ သုမင်္ဂလာပန်းခြံအတွင်း မျှမျှတတ အတူတူ စိုက်ထူနိုင်ရန် ခွင့်ပြုချက် ပေးခဲ့ခြင်းကြောင့် ထိုပန်းခြံအတွင်း ဗိုလ်ချုပ်ကြေးရုပ် နှစ်ရုပ် အပြိုင် ရှိနေခဲ့ခြင်း ဖြစ်သည်။
