By BBC
ရုရှားတပ်ဖွဲ့များက ယူကရိန်းမြို့တော် ကိဗ် (Kyiv) ကို ညတွင်းချင်း ဒရုန်းနှင့် ဒုံးကျည်များဖြင့် အကြီးအကျယ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် အနည်းဆုံး လူ ၁၀ ဦး သေဆုံးသွားကြောင်း ယူကရိန်းအာဏာပိုင်များက ဇူလိုင်လ ၂ ရက် ယနေ့တွင် ထုတ်ပြန်သည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelensky) က ရုရှားနိုင်ငံအနေဖြင့် အကြီးအကျယ် တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း သတိပေးခဲ့ပြီး နာရီပိုင်းအကြာတွင် ယခုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ မြို့တော်အတွင်းရှိ အဆောက်အအုံများ တုန်ခါသွားခဲ့ရသဖြင့် ရပ်ကွက်အချို့မှ ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။
ကိဗ်မြို့ စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး တီမူးရ် ထာချန်ကို (Tymur Tkachenko) က ရုရှားတပ်ဖွဲ့များသည် အရပ်သားများ နေထိုင်ရာ ဒေသများကို တရစပ် ဦးတည်တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲပြောဆိုသည်။
ယခုတိုက်ခိုက်မှုကြောင့် မြို့တော်တစ်ဝှမ်းတွင် မီးလောင်မှုများ ဖြစ်ပွားခဲ့ပြီး လူနာတင်ယာဉ်ဂိတ်တစ်ခု ထိခိုက်ပျက်စီးကာ အနည်းဆုံး လူတစ်ဦး စိုးရိမ်ရဒဏ်ရာ ရရှိခဲ့သည်။
ထို့ပြင် မြို့လယ်ရှိ ဟိုတယ်တစ်ခုတွင်လည်း မီးလောင်ကျွမ်းခဲ့သဖြင့် မီးသတ်သမားများက ငြှိမ်းသတ်ခဲ့ရသည်။
ကိဗ်မြို့တော်ဝန် ဗီတာလီ ကလစ်ချ်ကို (Vitali Klitschko) က လက်ရှိအချိန်အထိ သေဆုံးသူ ၁၀ ဦးရှိကြောင်း အတည်ပြုထားပြီး အပျက်အစီးများကြားမှ သေဆုံးသူ အရေအတွက် ထပ်မံတိုးလာနိုင်ကြောင်း ဆိုသည်။
တစ်ဖက်တွင်မူ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မော်စကိုမြို့မှ ပင်လယ်နက်အထိရှိ ရုရှားလျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ယူကရိန်းဘက်က မကြာသေးမီက တိုက်ခိုက်ခဲ့မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ယူကရိန်း၏ စွမ်းအင်နှင့် စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကို ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ယင်းတိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ၎င်းတို့နိုင်ငံတွင် စက်သုံးဆီ ပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ထည့်သွင်းဝန်ခံခဲ့သည်။
ယူကရိန်းသမ္မတ ဇလန်းစကီးသည် ရုရှား၏ တိုက်ခိုက်မည့် အစီအစဉ်နှင့် ပတ်သက်သည့် ထောက်လှမ်းရေးသတင်းများ ရရှိခဲ့ပြီးနောက် ဒဗ္ဗလင် (Dublin) မြို့သို့ သွားရောက်သည့် ခရီးစဉ်ကို ဗုဒ္ဓဟူးနေ့ကပင် အရေးပေါ်ဖျက်သိမ်းကာ မိသားစုနှင့် ကလေးငယ်များကို အထူးဂရုစိုက် ကာကွယ်ကြရန် ပြည်သူများကို တိုက်တွန်းခဲ့သည်။
အဆိုပါ ရုရှား၏ အကြီးအကျယ် တိုက်ခိုက်မှုကြောင့် နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ပိုလန်နိုင်ငံကလည်း ၎င်းတို့၏ ဝေဟင်ပိုင်နက်ကို အကာအကွယ်ပေးရန် ကာကွယ်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုအဖြစ် တိုက်လေယာဉ်များကို အသင့်အနေအထားဖြစ်စေရန် ပျံသန်းစေခဲ့သည်။
နေတိုးအဖွဲ့၏ အပိုဒ် ၅ (Article 5) အရ အဖွဲ့ဝင်နိုင်ငံတစ်ခုခု တိုက်ခိုက်ခံရပါက အဖွဲ့ဝင်အားလုံးကို တိုက်ခိုက်ခြင်းဟု သတ်မှတ်ကြောင်း ပြဋ္ဌာန်းထားသော်လည်း လတ်တလောတွင် ပိုလန်ပိုင်နက်အတွင်း တိုက်ခိုက်ခံရမှု မရှိသေးကြောင်း သိရသည်။
မြေပြင်စစ်ရေးအခြေအနေအရ ရုရှားတပ်ဖွဲ့များသည် ယူကရိန်းအရှေ့ပိုင်းရှိ အရေးပါသော ခံစစ်မြို့ဖြစ်သည့် ကော့စတန်တိုင်းနီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ မကြာသေးမီက ရှေ့တိုးဝင်ရောက်လာခဲ့သည်။
အကယ်၍ မော်စကိုက ထိုမြို့ကို သိမ်းပိုက်နိုင်ပါက ဒွန်ဘတ်စ် (Donbas) ဒေသတစ်ခုလုံးကို စီးနင်းနိုင်မည့် လမ်းကြောင်းပွင့်သွားမည် ဖြစ်သည်။
အလားတူ ယူကရိန်းစစ်ဗိုလ်ချုပ်များကလည်း ၎င်းတို့အနေဖြင့် ယခုနှစ်အတွင်း နယ်မြေအချို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ရုရှားနယ်စပ်နှင့် ခရိုင်းမီးယားဒေသအကြား ရုရှား၏ အဓိက ထောက်ပို့လမ်းကြောင်းများကို ဖြတ်တောက်နိုင်ခဲ့ကြောင်း ပြောဆိုသည်။
ယူကရိန်းစစ်ပွဲသည် လပေါင်းများစွာကြာအောင် နှစ်ဖက်စလုံး နယ်မြေအသာစီးမရဘဲ စစ်ရှိန်တုံ့ဆိုင်းနေပြီး၊ ရုရှားနိုင်ငံသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် လက်ရှိတွင် ယူကရိန်းပိုင်နက်၏ ငါးပုံတစ်ပုံခန့်ကို ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။
