By Khaosod English
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း မုက္ဒါဟာ (Mukdahan) ခရိုင်တွင် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး ခွင့်ပြုချက်မရှိဘဲ ခိုးမောင်းလာသည့် ကားတစ်စီးသည် ဒေသစာရီကြွချီနေသော သံဃာတော်အုပ်စုကို ဝင်ရောက်တိုက်မိခဲ့ရာ သံဃာတော် ၈ ပါး ပျံလွန်တော်မူပြီး ၁၃ ပါး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
အဆိုပါဖြစ်စဉ်သည် ယနေ့(ဇူလိုင် ၂ရက်)၊ နေ့လယ် ၁၂ နာရီခန့်တွင် ဘန်နာစီနွမ်း (Ban Na Si Nuan) ရှိ လမ်းဘေးတစ်နေရာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကယ်ဆယ်ရေးသမားများ၊ ရဲတပ်ဖွဲ့နှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ အခင်းဖြစ်ပွားရာနေရာသို့ အမြန်ဆုံးသွားရောက်ခဲ့ကြပြီး၊ လမ်းပေါ်နှင့် လမ်းဘေးတို့တွင် သံဃာတော်များ လဲကျနေသည်ကို တွေ့ရှိခဲ့ရသည်။
သံဃာတော် ၅ ပါးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် ပျံလွန်တော်မူခဲ့ပြီး၊ ကျန်သံဃာတော်များကိုမူ ပြင်းထန်သောဒဏ်ရာများဖြင့် အနီးရှိဆေးရုံများသို့ ပို့ဆောင်ခဲ့ကြသည်။
ရဲတပ်ဖွဲ့၏ ပဏာမစုံစမ်းစစ်ဆေးမှုများအရ အဆိုပါကပ်ကားကို အသက် ၁၁ နှစ်အရွယ် ကလေးငယ် (အရွယ်မရောက်သေးသူ) က မောင်းနှင်လာခြင်းဖြစ်ပြီး၊ ၎င်းသည် မိဘ သို့မဟုတ် အုပ်ထိန်းသူထံမှ ခွင့်ပြုချက်မရှိဘဲ ယာဉ်ကို ယူဆောင်မောင်းနှင်လာခဲ့ကာ သံဃာတော်များ စီတန်းကြွချီနေသည့်နေရာကို ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အာဏာပိုင်များက အခင်းဖြစ်ပွားရာနေရာကို ထိန်းချုပ်ထားပြီး သက်သေအထောက်အထားများ စုဆောင်းခြင်း၊ မျက်မြင်သက်သေများကို မေးမြန်းခြင်းနှင့် တိုက်မိရသည့်အကြောင်းရင်းကို ဆက်လက်စုံစမ်းစစ်ဆေးနေသည်။
