By MPA
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်နှင့် မင်းတပ်မြို့သို့ အင်အားထောင်ချီဖြင့် စစ်ကြောင်း ထိုးလာသောတပ်ကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ရာချီ သေဆုံးပြီး တပ်လန်ကျသွားကြောင်း သိရသည်။
မေလ၁၆ရက်မှ စတင်ကာ ချင်းပြည်နယ်တောင်ပိုင်းသို့ တက်လာသည့် အင်အားထောင်ချီပါ စစ်ကြောင်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များက ဟန်တားတိုက်ခိုက်ခြင်းနှင့် တန်ပြန် ထိုး စစ်ဆင်ခြင်းများ ပြုလုပ်ခဲ့ရာ စစ်ကြောင်းဖွဲ့စည်းပုံပျက်သည်အထိ ဖြစ်ခဲ့ကြောင်း ချင်းပြည်သူ့တပ်မ တော်(CPA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ယနေ့(ဇူလိုင်၂ရက်)သတင်းထုတ်ပြန်သည်။

ပြင်းထန်သည့်တိုက်ပွဲများအတွင်း ရန်သူ့အလောင်းနှင့် သုံ့ပန်းများအပါအဝင် လက်နက်ခဲယမ်း အ မြောက်အမြား သိမ်းဆည်းရမိခဲ့ကြောင်းနှင့် တော်လှန်ရေးတပ်များက တစ်လကျော်ကြာသည်အထိ စစ်ရေးအသာစီးဖြင့် တိုက်ပွဲဆင်နွှဲနေကြောင်း သိရသည်။
အထိနာနေသော ယင်းစစ်ကြောင်းသည် စစ်ရေးပစ်မှတ်နှင့် အရပ်သားပစ်မှတ် မခွဲခြားဘဲ လေ ကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုများ နေ့စဉ်ကျူးလွန်လျက်ရှိရာ ဘာ သာရေးအဆောက်အအုံ၊ပြည်သူ့နေအိမ်များ ထိခိုက်ပျက်စီးလျက်ရှိပြီး အပြစ်မဲ့ပြည်သူများလည်း ထိ ခိုက်သေဆုံးနေကြောင်း ထုတ်ပြန်ထားသည်။
ယင်းစစ်ကြောင်းတွင် ပြည်သူ့စစ် အများအပြားလည်း ပါဝင်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို ချင်းပြည်သူ့တပ်မတော်(CPA)၊ ယောဒေသမှ တော်လှန်ရေးတပ်များဖြစ်သော YDF၊ YA အပါအဝင်မဟာမိတ်တပ်များက ဆင်နွှဲနေခြင်းဖြစ်သည်။
