ဒေါ်လာ ၆,၀၀၀ ကုန်ခဲ့သော်လည်း ကမ္ဘာ့ဖလားမကြည့်ရ၍ စိတ်ထိခိုက်ရသည့် မက္ကဆီကိုပရိသတ်မိသားစု၊ ဖီဖာနှင့် StubHub အပြန်အလှန်ပြစ်တင်

ဓာတ်ပုံ - Sergio Enrique Alvarado Montalvo/Eben Pingree

By BBC Sport

လက်မှတ်ပြန်လည်ရောင်းချသည့် အွန်လိုင်းပလက်ဖောင်းတစ်ခုဖြစ်သော StubHub ၏ နောက်ဆုံးမိနစ် လက်မှတ်ပယ်ဖျက်မှုကြောင့် အမေရိကန်တွင် ကျင်းပနေသည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ လာရောက်သည့် ပရိသတ်အများအပြား သွားလာစရိတ် ဒေါ်လာထောင်ချီ ဆုံးရှုံးပြီး ကွင်းပြင်၌ သောင်တင်ခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

အသက် ၄၅ နှစ်အရွယ် ဆာဂျီယို အင်းနရစ် အယ်လ်ဗာရာဒို မွန်တယ်လ်ဗို (Sergio Enrique Alvarado Montalvo) ဆိုသူသည် အာဂျင်တီးနားနှင့် ဩစတြီးယားပွဲစဉ်ကို ဖခင်ဖြစ်သူအား အံ့ဖွယ်လက်ဆောင်အဖြစ် ပြသရန် StubHub ပလက်ဖောင်းမှတစ်ဆင့် လက်မှတ်ဖိုး ဒေါ်လာ ၁,၇၀၀ ပေးချေခဲ့သည်။

၎င်းသည် မိဘများကို မက္ကဆီကိုနိုင်ငံမှ ဒါးလပ်စ်မြို့သို့ လေယာဉ်ဖြင့် ခေါ်ဆောင်ခဲ့ပြီး ခရီးစရိတ်နှင့် ဟိုတယ်ခအပါအဝင် စုစုပေါင်း ဒေါ်လာ ၆,၀၀၀ နီးပါး အကုန်ကျခံခဲ့သော်လည်း ပွဲမစမီ တစ်ရက်အလိုတွင် လက်မှတ်ရောင်းချသူက လက်မှတ်မလွှဲပြောင်းပေးနိုင်တော့ကြောင်း အကြောင်းကြားစာ ရရှိခဲ့သည်။

“ကျွန်တော် တော်တော်လေး စိတ်မကောင်းဖြစ်ရသလို၊ အရမ်းလည်း စိတ်ပျက်ဒေါသထွက်ခဲ့ရပါတယ်။ ဘယ်လိုမှ ရှင်းပြရခက်တဲ့ ခံစားချက်မျိုးပါပဲ” ဟု မွန်တယ်လ်ဗိုက ၎င်း၏ ခံစားချက်ကို ဘီဘီစီ သတင်းဌာနသို့ ပြောကြားသည်။

၎င်းတို့မိသားစုသည် ပွဲစရန် တစ်နာရီအလိုအထိ StubHub ထံ ဖုန်းဖြင့် ဆက်သွယ်ဖြေရှင်းခဲ့သော်လည်း လက်မှတ်မရရှိခဲ့ဘဲ ကွင်းပြင်၌သာ သောင်တင်ခဲ့ရသဖြင့် ပွဲကြည့်စင်ပေါ်မှ ကြည့်ရှုမည့်အစား ကွင်းပြင်ပရှိ အားပေးသူများပွဲတော် (Fan Festival) ၌သာ အချိန်ကုန်လွန်ခဲ့ရသည်။

အလားတူ ဘော့စတွန်မြို့မှ အသက် ၄၄ နှစ်အရွယ် အဗင် ပင်ဂရီ (Eben Pingree) ၏ ဇနီးဖြစ်သူကလည်း စကော့တလန်နှင့် ဟေတီပွဲစဉ်အတွက် ဒေါ်လာ ၂,၈၀၀ ဖိုး လက်မှတ်များကို StubHub တွင် ဝယ်ယူခဲ့သော်လည်း ပွဲနေ့တွင် လက်မှတ်များ အလိုအလျောက် ပယ်ဖျက်ခြင်း ခံခဲ့ရသည်။

“သူတို့က ကျွန်တော်တို့ကို ကွင်းပြင်မှာပဲ ထားခဲ့ကြတာ။ ကျွန်တော့်သားလေးဆိုရင် စိတ်ထိခိုက်သွားရရှာတယ်” ဟု ပင်ဂရီက ဆိုသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ဂျူလီ ရီကာ မိုဂါးလ် (Julie Reeker Moghal) နှင့် ရုဘင် ရန်တေးရီးယား (Reuben Renteria) အမည်ရှိ ပရိသတ်နှစ်ဦးက StubHub အနေဖြင့် ငွေပေးချေပြီးသား လက်မှတ်များကို ပေးဆောင်ရန် ပျက်ကွက်ခဲ့ပြီး ပရိသတ်များကို လိမ်လည်ကာ ငွေကြေးအမြောက်အမြား ဆုံးရှုံးစေခဲ့သည်ဟုဆိုကာ တရားရုံးတွင် အစုအဖွဲ့လိုက် ပူးပေါင်းတရားစွဲဆိုထားသည်။

၎င်းတို့နှစ်ဦးစလုံးသည် လက်မှတ်အတွက် အနည်းဆုံး ဒေါ်လာ ၁,၉၀၀ စီ ပေးချေခဲ့ရသူများ ဖြစ်သည်။

StubHub ဘက်ကမူ ယင်းပြဿနာသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ လက်မှတ်လွှဲပြောင်းသည့်စနစ် (Ticketing App) နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း တုံ့ပြန်စွပ်စွဲထားသည်။

သို့သော်လည်း ဖီဖာ (FIFA) ဘက်က အဆိုပါ စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး ၎င်းတို့၏တရားဝင်ပလက်ဖောင်းသည်သာ စိတ်ချရသော တစ်ခုတည်းသော လမ်းကြောင်းဖြစ်ကြောင်းနှင့် ပြင်ပပလက်ဖောင်းများမှ ဝယ်ယူသည့် လက်မှတ်များအတွက် တာဝန်မယူနိုင်ကြောင်း တိုက်ရိုက်တုံ့ပြန်ခဲ့သည်။

စင်စစ်အားဖြင့် ယင်းပြဿနာသည် လက်မှတ်ပြန်လည်ရောင်းချသူများက ၎င်းတို့လက်ဝယ်တွင် အမှန်တကယ်မရှိသေးသော လက်မှတ်များကို ကြိုတင်ရောင်းချပြီး (Speculative Ticketing)၊ နောက်ပိုင်းတွင် ကမ္ဘာ့ဖလားလက်မှတ်ဈေးကွက် အဆမတန်မြင့်တက်လာချိန်၌ အမြတ် ပိုမိုရရှိရန်အတွက် မူလဝယ်သူများကို လက်မှတ်မပေးဘဲ အစီအစဉ်ကို ဖျက်သိမ်းလိုက်ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း စျေးကွက်စောင့်ကြည့်သူ ကျွမ်းကျင်သူများက ထောက်ပြထားကြသည်။