ရန်ကုန်တွင် ပျူလူမိုက်များ မူရင်းအလုပ်ပစ်ပယ်၍ စစ်မှုထမ်းပေါ်တာဆွဲ ငွေညှစ်ခြင်းကို လုပ်ငန်းသဖွယ် နေ့စဉ် ဆိုးရွားစွာလုပ်နေ

ရန်ကုန်မြို့ရှိ လူမိုက်အသွင်ပြောင်း ပျူစောထီးအဖွဲ့များသည် စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေကို အသုံးချကာ လမ်းပေါ်ရှိ အပြစ်မဲ့လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရောင်းစားခြင်းနှင့် ပြန်ပေးဆွဲ ငွေညှစ်ခြင်းလုပ်ငန်းများကို အဓိက စီးပွားရှာ ဆောင်ရွက်လာကြောင်း လူမိုက်အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ပေါ်တာဆွဲ လူရောင်းစားသည့်လုပ်ငန်းသည် အချိန်တိုအတွင်း ငွေအဝင်ကြမ်းပြီး အလွယ်တကူ စီးပွားဖြစ်နေသောကြောင့် ပျူစောထီးအဖွဲ့များသည် ယခင်က ၎င်းတို့လုပ်ကိုင်နေခဲ့သည့် နှစ်လုံးထီ၊ သုံးလုံးထီ၊ ဘောလုံးဒိုင်လုပ်ငန်းများနှင့် မိုက်ကြေးခွဲ အကြွေးတောင်းသည့် လုပ်ငန်းဟောင်းများကို ပစ်ပယ်၍ လမ်းပေါ်ရှိ လူငယ်များကိုသာ ပစ်မှတ်ထား ဖမ်းဆီးလာကြခြင်း ဖြစ်ကြောင်း သိရသည်။

အထူးသဖြင့် ရွှေပြည်သာနှင့် လှိုင်သာယာကဲ့သို့သော ရန်ကုန်မြို့စွန်မြို့နယ်များတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကိုယ်တိုင် လူဖမ်းဆီးခြင်းကို ဆင်းမလုပ်တော့ဘဲ ၎င်းတို့လက်အောက်ခံ ပျူစောထီးအဖွဲ့များကိုသာ ဥပဒေမဲ့ စိတ်ကြိုက် ဖမ်းဆီးငွေညှစ်ခွင့် ပေးထားကြောင်း ဒေသခံများက ဆိုသည်။

ရွှေပြည်သာမြို့နယ်တွင် ‘မျောက်ကြီး’ ဆိုသူ ဦးဆောင်သည့် ပျူစောထီးအဖွဲ့သည် လူငယ်များကို လိုက်လံပေါ်တာဆွဲကာ စစ်တပ်ထံ ပြန်လည်ရောင်းစားနေသည့် အဓိက ခေါင်းဆောင်အဖြစ် အခြေခိုင်နေပြီး လှိုင်သာယာမြို့နယ်တွင်လည်း နေ့စဉ်နှင့်အမျှ လမ်းပေါ်ရှိ လူငယ်များကို ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။

မျောက်ကြီးသည် အာဏာမသိမ်းခင်က လူမိုက်အောက်စွဲတစ်ဦးအဖြစ် ရှိနေခဲ့ရာက အာဏာသိမ်းပြီးနောက် လူမိုက်တစ်ဦးဖြစ်လာခဲ့ပြီး ယခုတော့ လူမိုက်အသွင်ပြောင်း ပျူစောထီးအဖြစ် စစ်အုပ်စုအောက်စွဲတစ်ဦးအနေဖြင့် ဆက်လက်ရပ်တည်ကာ ကြီးပွားချမ်းသာနေကြောင်း ရွှေပြည်သာမြို့ခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့ ညပိုင်းက ရွှေပြည်သာမြို့နယ် (၁) ရပ်ကွက်အတွင်း ရာအိမ်မှူးတစ်ဦးနှင့် လူငယ် ၄ ဦးကို ပျူစောထီးအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်း၌ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက သေနတ်ဒင်ဖြင့် ရိုက်နှက်ခြင်း၊ စစ်ဖိနပ်ဖြင့် ကန်ကျောက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် လူငယ် ၃ ဦး ဦးခေါင်းကွဲဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇွန်လနောက်ဆုံးပတ်အတွင်းကလည်း အဆိုပါ (၁) ရပ်ကွက်ထဲမှ လူငယ်အမျိုးသား ၈ ဦးကို စစ်မှုထမ်းရန် အကြောင်းပြ၍ ထပ်မံပေါ်တာဆွဲ ဖမ်းဆီးခဲ့ရာ ဖမ်းဆီးခံရသူများအနက် လူငယ် ၂ ဦးမှာ မိသားစုဝင်များက တစ်ဦးလျှင် ငွေကျပ် သိန်း ၁၃၀ စီ ပေးလျော်ပြီးမှသာ အသည်းအသန် ပြန်လည်ရွေးထုတ်နိုင်ခဲ့ရကြောင်း ရပ်ကွက်ခေါင်းဆောင်များထံမှ အတည်ပြုချက်အရ သိရသည်။

ရွှေပြည်သာမြို့နယ်အတွင်းလက်ရှိဖြစ်ပေါ်နေသည့် စစ်မှုထမ်းပေါ်တာဆွဲမှုများနှင့်ပတ်သက်၍ ယင်းမြို့နဘ်နေ အရွယ်ရောက် သားနှစ်ဦးမိခင်တစ်ဦးက “ပေါ်တာဆွဲတာတွေ တော်တော်လေး ဆိုးနေတယ်။ အိမ်က သားနှစ်ယောက်ကိုတောင် သတိနဲ့ သွားလာခိုင်းနေရတယ်။ ညဘက်ဆို တစ်ယောက်တည်းဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် အပြင်ကို လုံးဝမထွက်ခိုင်းရဲဘူး၊ သူတို့ကိုယ်တိုင်လည်း မထွက်ရဲကြဘူး” ဟု လက်ရှိကြုံတွေ့နေရသည့် စိုးရိမ်စိတ်ကို ထုတ်ဖော်ပြောကြားသည်။

လက်ရှိ ရန်ကုန်မြို့တွင် ဖြစ်ပွားနေသည့် စစ်မှုထမ်းအကြောင်းပြ လူစုဆောင်းမှုစနစ်သည် စစ်တပ်အတွက် အင်အားဖြည့်တင်းပေးရုံသာမက ပျူစောထီးနှင့် စစ်ကော်မရှင် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ ပြည်သူလူထုထံမှ ငွေကြေးတောင်းခံရန် လူငယ်များကို ပြန်ပေးဆွဲ ငွေညှစ်နေသည့် လူကုန်ကူးမှု ရာဇဝတ်ကွင်းဆက်တစ်ခု ဖြစ်လာနေကြောင်း သုံးသပ်မှုများ ထွက်ပေါ်နေသည်။

ထို့ကြောင့် ရွှေပြည်သာ၊ လှိုင်သာယာနှင့် ဒဂုံမြို့သစ်မြို့နယ်များ အပါအဝင် ရန်ကုန်မြို့စွန်ဒေသများတွင် နေထိုင်ကြသည့် မိဘပြည်သူများအနေဖြင့် မိမိတို့၏ လူငယ်မောင်မယ်များကို ညဘက်အပြင်ထွက် သွားလာခြင်းများ အထူးရှောင်ကြဉ်ခိုင်းရန်နှင့် လူမှုကွန်ရက်ပေါ်ရှိ ပေါ်တာဆွဲသည့် သတင်းအချက်အလက်များကို အမြဲမပြတ် စောင့်ကြည့် သတိပြုသွားလာကြရန် ဒေသတွင်း သတင်းရင်းမြစ်များက တိုက်တွန်းနှိုးဆော်ထားကြသည်။

ဓာတ်ပုံ – လူမှုကွန်ရက်