By MPA
ယနေ့မနက်အစောပိုင်းတွင် ကစားခဲ့သည့် ပေါ်တူဂီနှင့် ခရိုအေးရှားအသင်းတို့၏ ၂၀၂၆ ကမ္ဘာ့ဖလား ၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွင် အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒို ဂိုးသွင်းနိုင်ခဲ့သည့်အတွက် ရှုံးထွက်အဆင့်တွင် ပထမဆုံးဂိုးသွင်းနိုင်သည့် အသက်ကြီးဆုံးကစားသမားဆိုသည့် စံချိန်သစ်ကို ပိုင်ဆိုင်သွားခဲ့သည်။
ပွဲချိန် ၆၄ မိနစ်တွင် ပေါ်တူဂီအသင်း ရရှိသည့်ထောင့်ကန်ဘောတွင် ခရိုအေးရှားကစားသမားက ပေါ်တူဂီနောက်ခံလူ ရီနာတို ဗေဂါကို ဆွဲလှဲချခဲ့သည့်အတွက် ကွင်းလယ်ဒိုင်က VAR ပြန်လည်ကြည့်ရှုစစ်ဆေးပြီးနောက် ပင်နယ်တီအဖြစ်သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။
ထိုပင်နယ်တီကို အသင်းခေါင်းဆောင် ရော်နယ်ဒိုက ၆၈ မိနစ်တွင် အမှားအယွင်းမရှိကန်သွင်း အဆုံးသတ်နိုင်ခဲ့ပြီးနောက် စံချိန်သစ်ကို ပိုင်ဆိုင်သွားခြင်းဖြစ်သည်။
ယင်းစံချိန်မတိုင်မီ ရော်နယ်ဒိုသည် ဥဇဘက်ကစ္စတန်နှင့် အုပ်စုဒုတိယပွဲစဉ်တွင် ၂ ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ၂၀၀၆ မှ ၂၀၂၆ ကမ္ဘာ့ဖလား အထိ ၆ ကြိမ်ဆက် ပထမဆုံးဂိုးသွင်းယူနိုင်သည့်ကစားသမားဆိုသည့်စံချိန်နှင့် ပေါ်တူဂီအသင်းအတွက် ကမ္ဘာ့ဖလားသွင်းဂိုးအများဆုံးကစားသမားဆိုသည့် စံချိန်ကောင်းနှစ်ခုတို့ကို ပိုင်ဆိုထားသည်။
၁၉၈၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်နေ့ဖွား ခရစ္စတီယာနို ရော်နယ်ဒို၏ ယနေ့ ဇူလိုင် ၃ ရက်နေ့အထိ အသက်သည် ၄၁ နှစ် ၁၄၇ ရက်ရှိပြီဖြစ်သည်။
