စစ်တပ်နှင့်ပေါင်းပြီး စီးပွားရှာနေသည့် KBZ အုပ်စု ‘နိုင်ငံ့ဂုဏ်ဆောင်ဆု’ တက်ယူသည့်အပေါ် ပြည်သူများ ပြင်းထန်စွာဝေဖန်

စစ်ကော်မရှင်၏ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ပေးအပ်သည့် ‘နိုင်ငံ့ဂုဏ်ဆောင်ဆု’ ကို ကမ္ဘောဇ (KBZ) ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်းနှင့် ဒုတိယဥက္ကဋ္ဌ (၁) ဒေါ်နန်းခမ်းနောင့်တို့က ဇူလိုင်လ ၃ ရက် မြန်မာအမျိုးသမီးများနေ့တွင် တက်ရောက်ရယူခဲ့ခြင်းအပေါ် ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများအကြား ဝေဖန်မှုများ ပြင်းထန်လျက်ရှိသည်။

ယင်းမှာ ကမ္ဘောဇအုပ်စုသည် စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ထင်ရှားသော သက်သေပြချက်ဖြစ်သည်ဟု ထောက်ပြပြောဆိုကြသည်။

ဆုရရှိသူ ညီအစ်မနှစ်ဦးသည် အသုံးပြုသူ ၂၂ သန်းကျော်ရှိသည့် KBZPay အပါအဝင် ကမ္ဘောဇမိသားစုပိုင် စီးပွားရေးလုပ်ငန်းများကို ဦးဆောင်နေသူများဖြစ်ကြောင်း ကမ္ဘောဇဖောင်ဒေးရှင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် E-sports ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုအသင်း ကမ္ဘာ့ချန်ပီယံ ရွှေတံဆိပ်ဆုရရှိရန် မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ် (MESF) ဂုဏ်ထူးဆောင်နာယကများအဖြစ် ပံ့ပိုးခဲ့မှုနှင့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်နိုင်ငံလုံး ပထမရရှိခဲ့သည့် ထူးချွန်ကျောင်းသူကို ငွေကျပ်သိန်း ၁,၀၀၀ ပညာသင်ဆု ပံ့ပိုးခဲ့ခြင်းကြောင့် ယခုကဲ့သို့ ချီးမြှင့်ခံရခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် နိုင်ငံရေးနှင့် စစ်ရေးစောင့်ကြည့်လေ့လာသူများကမူ အဆိုပါဆုသည် ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားမပြုဘဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏အာဏာတည်မြဲရေးအတွက် ငွေကြေးနှင့် ပုံရိပ်ပိုင်းအရ ကူညီပေးနေသည့် ခရိုနီစီးပွားရေးအုပ်စုများကို အပြန်အလှန် အသုံးချဆုပေးခြင်းသာဖြစ်ကြောင်း ထောက်ပြကြသည်။

“စစ်ခေါင်းဆောင်ကတော့ သူ့ကို ငွေကြေးပံ့ပိုးနေတဲ့ ခရိုနီတွေကို အခုလို ဆုတွေပေးပြီး အသုံးချနေမှာပဲ။ ပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေချိန်မှာ စစ်တပ်နဲ့ပေါင်းပြီး စီးပွားရှာနေတဲ့သူတွေ ရတဲ့ဆုဟာ ပြည်သူ့အတွက် နိုင်ငံ့ဂုဏ်ဆောင်ဆု မဟုတ်ဘူး၊ အာဏာရှင်အကြိုက် ဂုဏ်ဆောင်ဆုပဲ ဖြစ်တယ်” ဟု နိုင်ငံရေးစောင့်ကြည့်သူတစ်ဦးက ဝေဖန်ပြောဆိုသည်။

ယခုကဲ့သို့ ဆုတက်ယူခဲ့သည့်အပေါ် ရန်ကုန်မြို့နေ အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးကလည်း ယင်းမှာ စစ်အုပ်စုနှင့်ပေါင်းစားနေသည့် သက်သေဟု ထောက်ပြသည်။

“စစ်တပ်နဲ့ပေါင်းစားနေတယ်ဆိုတာ အာဏာသိမ်းစကတည်းက သိသာတယ်။ ကိုယ့်ဘဏ်ရဲ့ဝန်ဆောင်မှု ရယူသူတွေကို စစ်တပ်ခေါ်ပြီး အနိုင်ကျင့်ခဲ့တာ၊ ခြိမ်းခြောက်ပြောဆိုတာတွေရှိခဲ့တယ်။ အခုတော့ ပိုပြီးသိသာသွားတာပေါ့။ ဆရာ ကျောင်းဆိုလည်း မင်းအောင်လှိုင်ခေါ်သမျှလိုက်၊ ဖိတ်သမျှ အစည်းအဝေးတက်နေတာ ဓာတ်ပုံတွေကသက်သေပဲလေ။ ဒါတွေက စစ်တပ်နဲ့ပေါင်းစားနေရတဲ့ ခရိုနီတွေရဲ့ သမိုင်းပဲ” ဟု KBZ ဘဏ်ဝန်ဆောင်မှုရယူခဲ့ချိန် အခက်အခဲတွေ့ခဲ့ဖူးသည့် အဆိုပါအမျိုးသမီးက ပြောသည်။

ကမ္ဘောဇဘဏ် (KBZ Bank) သည် အာဏာသိမ်းစ ၂၀၂၁ ခုနှစ်က ပြည်သူများ ဘဏ်လုပ်ငန်း သပိတ်မှောက်စဉ်တွင်လည်း ဘဏ်သုံးစွဲသူများ၏ တောင်းဆိုမှုများကို စစ်အုပ်စုထံ သတင်းပေးတိုင်ကြားကာ စစ်တပ်နှင့် ရဲတပ်ဖွဲ့ကို ခေါ်ယူစစ်ဆေးခိုင်းခဲ့မှုကြောင့် လူထု၏ ပြင်းထန်သော သပိတ်မှောက်မှုကို ခံခဲ့ရဖူးသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက သွားခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ငါးရက်ကြာ တရုတ်ခရီးစဉ်အတွင်း KBZ အုပ်စု တည်ထောင်သူ နာယက ဦးအောင်ကိုဝင်းလည်း လိုက်ပါသွားခဲ့သည်။

စစ်ရေး၊ နိုင်ငံရေးလေ့လာသူများ၏ သုံးသပ်ချက်အရ ကမ္ဘောဇအုပ်စုသည် အားကစား၊ လူမှုရေးနှင့် ပညာရေးကဏ္ဍများတွင် ငွေကြေးထုတ်သုံးကာ ပရဟိတပုံရိပ် တည်ဆောက်နေသော်လည်း၊ မြေပြင်တွင် စစ်ကော်မရှင်ယန္တရား လည်ပတ်နိုင်ရန် ငွေကြေးနှင့် နည်းပညာပိုင်းအရ ကျောထောက်နောက်ခံပြု ပူးပေါင်းဆောင်ရွက်ပေးနေခြင်းကို ပြည်သူများက သိရှိနေကြပြီဖြစ်ရာ စစ်အုပ်စုကပေးသည့် ဆုတံဆိပ်များဖြင့် ဖုံးဖိထားသော်လည်း နောင်တစ်နေ့တွင် ပြည်သူ့တရားစီရင်မှုကို ရှောင်လွှဲနိုင်မည်မဟုတ်ကြောင်း သတိပေးပြောဆိုမှုများ ရှိနေသည်။