အင်းတော်တွင် တိုက်ပွဲကြားသို့ရောက်နေသည့် ဈေးသည်လင်မယား လက်နက်ကြီးထိမှန်ကာ အမျိုး သမီးဖြစ်သူ ပွဲချင်းပြီး သေဆုံး

ဓာတ်ပုံ - HeinGyi PHOTOGRAPHY
တစ်ချိန်က အင်းတော်မြို့။

4 July 2026 By / MPA

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်အတွင်း တိုက်ပွဲကြားသို့ရောက်နေသည့် ဈေးသည်လင်မယား လက်နက်ကြီးထိမှန်ကာ အမျိုးသမီးဖြစ်သူ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Indaw Revolution-IR က သတင်းထုတ်ပြန်သည်။

ဇွန်လ ၃၀ ရက်တွင် ကသာ-နဘားလမ်းပိုင်း၊ ကသာမြို့နယ်၊ လမ်းခွကျေးရွာ၌ တော်လှန်ရေးတပ်များ နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်နေစဉ် အဆိုပါ ဈေးသည်လင်မယားမှာ တိုက်ပွဲကြားသို့ ရောက်ရှိနေကာ လက်နက်ကြီးထိမှန်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားမှာ ကသာပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

“ဇွန်လကုန်ပိုင်းကနေ ဒီရက်ပိုင်းအထိ တိုက်ပွဲတွေက ဖြစ်နေတာပေါ့နော်။တိုက်ပွဲတွေ ဖြစ်နေလို့ မန္တ လေး-မြစ်ကြီးနားလမ်းကတော့ ပိတ်လိုက် ဖွင့်လိုက်နဲ့ပေါ့။ကျနော်တို့ အင်းတော်မြို့နယ်က ပိတ် လိုက် ဖွင့်လိုက် အခြေအနေရှိတယ်။ ဒေသခံတွေအနေနဲ့ ကိုယ့်ရဲ့လုံခြုံရေးက အရေးကြီးတယ်ဆို တော့ နားစွင့်ပြီးမှ သွားလာကြဖို့ ကျနော်ပြောချင်တယ်ဗျ”ဟု Indaw Revolution-IR မှ တာဝန်ရှိသူ တစ်ဦးက MPAသို့ပြောသည်။

ဈေးသည်လင်မယားသည် အသက်၄၀ ဝန်းကျင်အရွယ်များဖြစ်ပြီး ဆိုင်ကယ်ဖြင့် ဈေးလှည့်ရောင်း ကာ အသက်မွေးကြသူများဖြစ်သည်။

လက်တလောတွင် တိုက်ပွဲအခြေအနေကြောင့် မန္တလေး-မြစ်ကြီးနား ခရီးသွားကားများသည် ကသာ-နဘားလမ်းပိုင်း၌ လမ်းပိတ်မှုများနှင့် ကြုံတွေ့နေကြကြောင်း သိရသည်။

ခရီးသွားများအနေနှင့် လမ်းဖွင့်သည်ဆိုသော သတင်းကို ဇွတ်မယုံကြဘဲ လုံခြုံစိတ်ချရသည့်အခြေအနေရောက်မှသာ ခရီးသွားလာကြရန် Indaw Revolutionက အကြံပြုသည်။

ဓာတ်ပုံ – HeinGyi PHOTOGRAPHY
ပုံစာ- တစ်ချိန်က အင်းတော်မြို့။