ပိုက်ကွန်ဖြင့် ဒရုန်းဖမ်းခိုင်းခြင်းမှာ အောက်ခြေစစ်သားတို့၏အသက်ကို စစ်ဗိုလ်ချုပ်တို့ စိတ်ကြိုက် စတေးနေခြင်းဟုဆို

ပိုက်ကွန်ဖြင့် ဒရုန်းကိုစောင့်ဖမ်းခိုင်းခြင်းမှာ အောက်ခြေစစ်သားတို့၏ အသက်ကို စစ်ခေါင်းဆောင် တို့က စိတ်ကြိုက်စတေးနေခြင်းဖြစ်ကြောင်း စစ်လက်နက်နှင့်တိုက်ခိုက်ရေးဆိုင်ရာ သုံးသပ်ချက်များ ဖော်ပြနေသည့် Tactical Raptor က ဆိုသည်။

ပိုက်ကွန်နှင့် ဒရုန်းကိုဖမ်းလျှင် ဒရုန်းက ပေါက်ကွဲနိုင်ပြီး ဒရုန်းပေါက်ကွဲသည့်အခါ အစအနများက ပိုက်ကွန်ကိုင်သူကို အလွယ်တကူ ထိခိုက်စေနိုင်ကြောင်း ယူကရိန်းစစ်မြေပြင်က ဗီဒီယိုတစ်ခုတွင် ပေ၁၀၀ခန့်က FPV ဒရုန်းကို ရိုင်ဖယ်နှင့် ထိအောင် ပစ်နိုင်သော်လည်း ဒရုန်းက ပေါက်ကွဲပြီး အစအနထွက်လာသောကြောင့် ရုရှားစစ်သား၏ ဦးခေါင်းနှင့် ခန္ဓာကိုယ် အိုးစားကွဲသွားခဲ့ကြောင်း Tactical Raptor က ထုတ်ပြန် သည်။

“ပိုက်ကွန်နဲ့ ဖမ်းဖို့ လေ့ကျင့်စေတာက လှောင်ရယ်စရာ ဆိုတာထက် တကယ်တော့ စစ်ခေါင်းဆောင် အရာရှိတွေက အောက်ခြေစစ်သားတွေရဲ့ အသက်အန္တရာယ်ကို ဘယ်လောက် တန်ဖိုးမထားဘူး လည်း ဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်ရတာပဲ ဖြစ်ပါတယ်”ဟု Tactical Raptor က ဆိုသည်။

ရဟတ်ယာဉ် ဆင်းမည့်နေရာတွင် ဒရုန်းကိုဖမ်းရန် စစ်သားများက ပိုက်ကွန်နှင့်စောင့်နေသည့် ဓာတ်ပုံများ လူမှုကွန်ရက်ပေါ်ထွက်ပေါ်လာပြီးနောက် လူအများကြား လှောင်ရယ်စရာ ဖြစ်ခဲ့သည်။

Tactical Raptor ကမူ “ရဟတ်ယာဉ်ဆင်းမယ့် နေရာမှာ ဒရုန်းဖမ်းဖို့ ပိုက်ကွန်နဲ့စောင့်နေတာက ကြည့်လိုက်ရင် လှောင်ရယ်စရာ ဖြစ်နေပေမယ့် အကြမ်းဖက်စစ်တပ်ဘက်ကနေ ဒရုန်းရန်က ကာကွယ်ဖို့ ကြိုးစားအားထုတ်မှုတွေ လုပ်‌နေပြီဆိုတာ မြင်ရတာပဲ ဖြစ်ပါတယ်”ဟု သုံးသပ်သည်။

ပိုက်ကွန်နှင့် ထိုင်စောင့်နေသည့်ဘေးတွင် shotgun ကိုင်ထားသည်ဟု ထင်ရသော စစ်သားတစ်ဦး ကို တွေ့ရကြောင်း Shotgun သည် FPV ဒရုန်းရန်မှ ကာကွယ်ရန် last line of defense အဖြစ် အထိုက်အလျောက် အလုပ်ဖြစ်နိုင်သော ဒရုန်းကာကွယ်ရေးနည်းလမ်းတစ်ခု ဖြစ်ကြောင်း သိရသည်။

“သူတို့(စစ်တပ်) ခံလာရတဲ့အခါ ငြိမ်ခံမနေဘဲ လိုအပ်တဲ့ counter measures တွေ လုပ်လာပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် နောက်ပိုင်း FPV တိုက်ခိုက်မှုတွေမှာ အောင်မြင်ဖို့ ပိုပြီး ခက်ခဲလာနိုင် ပါတယ်”ဟုလည်း Tactical Raptor က သတိပေးသည်။

ထို့ကြောင့် တော်လှန်ရေးတပ်များအနေနှင့် shotgunနှင့် ပစ်ချရ မလွယ်သော ၁၅လက်မကိုယ် ထည်ရှိ FPV ဒရုန်းကို အသုံးပြုသင့်ကြောင်း ပိုကြီးသည့် ဒရုန်းကိုယ်ထည်၏ အလေးချိန်ကြောင့် inertia ပိုများပြီး shotgun က ပစ်သည့် ခဲစေ့များထိလည်း ပိုခံနိုင်သလို ဒရုန်းပိုကြီးသည့်အတွက် သယ်ဆောင်နိုင်သော ဗုံးသီး၊ ထိပ်ဖူးလည်း ပိုကြီးလာခြင်းကြောင့် ပေါက်ကွဲမှုပိုပြင်းထန်ကြောင်း Tactical Raptor က အကြံပြုသည်။

ဇွန် ၂၃ ရက်တွင် မကွေးတိုင်း၊မြိုင်မြို့နယ်အတွင်း၌ Mi 17 စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တစ်စင်းကို တော်လှန်ရေးတပ်များက FPV ဒရုန်း‌ဖြင့် တိုက်ခိုက်ခဲ့ရာ ရဟတ်ယာဉ် မီးလောင် ပျက်စီးသွားခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်နယ်မြေမဟုတ်ဘဲ မကွေးကဲ့သို့သောဒေသတွင် စစ်တပ် ရဟတ်ယာဉ်ကို FPV ဒရုန်း‌ဖြင့် တိုက်ခိုက်နိုင်ခဲ့ခြင်းမှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များအတွက် အားရစရာ အောင် မြင်မှုဖြစ်ပြီး ဒရုန်းလာချိန်၌ စစ်အုပ်စုတပ်ဖွဲ့ဝင်များ တစ်ယောက်မှ ခုခံလိုစိတ်မရှိ၊ လက်နက်ငယ်နဲ့ ပစ်ချရန် မကြိုးစားဘဲ ပြေးကြသည်မှာလည်း ဝမ်းသာစရာဖြစ်ကြောင်း Tactical Raptor က ဆိုသည်။