စတားလင့်ခ်အင်တာနက် မရတော့မည်ကို ကနီဒေသခံတို့ စိုးရိမ်နေကြ

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်အတွင်း စတားလင့်ခ်စက်အချို့ အပိတ်ခံရခြင်းကြောင့် ဒေသခံတို့ကြား စိုးရိမ်စိတ် များနေကြကြောင်း သိရသည်။

ကနီမြို့နယ် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရွာများတွင် စတားလင့်ခ်(Star Link)စက်၂လုံး အင် တာနက်မရတော့သလို အခြားသော မြို့နယ်များ၌လည်း စက်အချို့ အပိတ်ခံနေရကာ ကောလာဟ လသတင်းများလည်း ထွက်ပေါ်နေသဖြင့် ဒေသခံတို့ စိုးရိမ်နေကြခြင်းဖြစ်ကြောင်း ကနီမြို့နယ်အ တွင်းရှိ စတားလင့်ခ်စက်ပိုင်ရှင်တစ်ဦးထံက သိရသည်။

“ကနီမှာ စတားလင့်ခ်စုစုပေါင်း ၁၀၀လောက်တော့ရှိတယ်။ မြစ်အနောက်ဘက်ကမ်း(ချင်းတွင်းမြစ် အနောက်ဘက်ကမ်း)မှာလည်း အပိတ်ခံရတာတွေ ရှိတယ်လို့ ကြားတယ်။စတားလင့်ခ် လုံးဝမရ တော့မယ့်အခြေအနေမျိုး ရှိလာနိုင်တယ်ဆိုတာတွေရော စတားလင့်ခ်ကုမ္ပဏီက ဝန်ဆောင်ခ တိုးကောက်တော့မယ်ဆိုတာတွေရော ကောလာဟလတွေ ထွက်နေတော့ စက်ပိုင်ရှင်တွေရော ဒေသခံတွေရော စိုးရိမ်နေကြတယ်”ဟု ၎င်းက MPAသို့ပြောသည်။

ဂြိုဟ်တုအင်တာနက်နည်းပညာသုံး စတားလင့်ခ်ကို ကမ္ဘာကျော်သူဋ္ဌေးကြီး အီလွန်မက်ရဲ့ Space X ကုမ္ပဏီက ပိုင်ဆိုင်ပြီး တော်လှန်ရေးစိုးမိုးထိန်းချုပ်နယ်မြေများ၌ တော်လှန်ရေးတပ်များရော ဒေသခံ တို့ပါ စတားလင်ခ်စက်ကို အသုံးပြုကာ ဆက်သွယ်ရေးကွန်ရက်များ ချိတ်ဆက်နေကြရသည်။

“ကျနော်တို့မြန်မာမှာက စတားလင့်ခ်ကို တရားဝင်သုံးခွင့်မရှိဘူးဆိုတော့ ခွင့်ပြုတဲ့နိုင်ငံအမည်တွေနဲ့ သုံးနေကြတာ။အခုအပိတ်ခံရတာတွေက Location က မြန်မာဖြစ်နေတာမို့ ပိတ်တာလို့လည်း သိရ တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

စတားလင့်ခ်ကို အရှေ့တောင်အာရှနိုင်ငံများထဲ၌ ဖိလစ်ပိုင်နိုင်ငံသာ တရားဝင်သုံးစွဲခွင့်ရှိသည်။

၂၀၂၅နှစ်ကုန်ပိုင်းက မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ် ကျားဖြန့် လုပ်ရာတွင် အသုံးပြုနေ သော စတားလင့်ခ် စက်အလုံး ၂,၅၀၀ ကို ဝန်ဆောင်မှု ပိတ်ခဲ့ကြောင်း စကားလင့်ခ်က ထုတ်ပြန်ခဲ့ဖူးသည်။

စတားလင့်အင်တာနက်ရရှိရန် လစဉ်ကြေးအဖြစ် တစ်လလျှင် ဒေါ်လာဈေးအတက်အကျအပေါ် မူတည်ကာ ကျပ်၄သိန်းဝန်းကျင် စတားလင့်ကုမ္ပဏီထံ ပေးဆောင်ရကြောင်း သိရသည်။

ထို့အပြင် ကနီမြို့နယ်အတွင်းရှိ စတားလင့်ခ်ပင်မစက်များကိုရော စတားလင့်ခ်ပင်မစက်မှ ၂ဆိုင်နှင့် အထက် ဆင့်ပွားယူထားသော လက်ခွဲဆိုင်များကိုပါ NUG အစိုးရလက်အောက်ခံ ကနီမြို့နယ်အရေး ပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က ၆လလျှင် ကျပ်၅သိန်း အခွန်ကောက်ခံလျက်ရှိသည်။