စစ်တပ်က မတရားအာဏာသိမ်းခဲ့ပြီး ၃ နှစ်အကြာ ၂၀၂၄ ခုနှစ်မှာတော့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြီး ပြန်လည်အသက်သွင်းစေခဲ့တာ အခုဆိုရင် ၂ နှစ်ကျော်ကာလထဲ ရောက်ရှိလာပြီဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုခဲ့တာ၊ အဲ့ဒီ့ဥပဒေကြောင့် တိုင်းပြည်က လူငယ်လူရွယ်တွေ ဒုက္ခအတိရောက်ခဲ့ရပါတယ်။
ဥပဒေအတည်မပြုခင်ကာလတွေကလည်း လမ်းပေါ်သွားလာနေတဲ့သူတွေကို မထင်သလို ဖမ်းဆီးနေတဲ့ စစ်တပ်ရဲ့ လုပ်ရပ်က စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက်မှာတော့ ပိုမိုဆိုးရွားလာခဲ့ပြီး အများပြည်သူအကြား ရိုက်ခတ်မှုက နေ့စဉ်နဲ့အမျှ ကြီးထွားလာခဲ့ပါတယ်။
“အရင်က လစဉ်ကြေး နှစ်သိန်းပေးရင် လွတ်တယ်၊ လတိုင်း အဲ့လစဉ်ကြေးက အပိုထွက်ငွေဖြစ်နေတာပေါ့၊ အခုနောက်ပိုင်းကျတော့ ပိုဆိုးလာတယ်၊ ပိုက်ဆံပေးလည်း လမ်းထွက်လို့ သူတို့နဲ့ တိုးရင် မထင်ရင်မထင်သလို ဖမ်းသွားတယ်၊ လိုက်ထုတ်လို့တောင်မရတော့ဘူး” လို့ ရှမ်းပြည် ရပ်စောက်ဘက်မှာ နေထိုင်ခဲ့တဲ့ အသက် ၃၀ အရွယ် ကိုချမ်း (အမည်လွှဲ) က ပြောပါတယ်။
စစ်မှုထမ်းထဲမပါဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လစဉ်ငွေကြေးပေးနေရတာဟာ တိုင်းနဲ့ ပြည်နယ်အနှံ့က မြို့နယ် ရပ်ကွက် ကျေးရွာတိုင်းပါပဲ။
ဒီအခြေအနေက လူငယ်လူရွယ်တွေရဲ့ အနာဂတ်ကို ပျက်စီးမှု ကြီးစေပါတယ်။ စစ်မှုထမ်းကို ရှောင်ချင်တာကြောင့် လူငယ်တွေဟာ ခြေဦးတည့်ရာ ထွက်လာကြတဲ့သူတွေရှိသလို တိုင်းတစ်ပါးကို ထွက်ခွာပြီး ရရာအလုပ်လုပ်နေကြသူတွေကလည်း ဒုနဲ့ဒေးပါ။ အဲ့ဒီ့ထဲမှာလည်း ကိုချမ်းတစ်ယောက်ပါဝင်ပါတယ်။
အရင်က အမည်စာရင်းပေါက်ရင် သတ်မှတ်ပေါက်ဈေးအတိုင်း ပေးရင် စစ်မှုထမ်းကိုရှောင်တိမ်းလို့ရပေမယ့် အခုချိန်မှာတော့ သတ်မှတ်ဈေးအတိုင်းပေးပြီးရင်တောင် တစ်ဖန်ပြန်လည်ပြီး လာရောက်ဖမ်းဆီးကာ ပေါ်တာဆွဲတာတွေ လုပ်လာတယ်လို့ ပြည်သူတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
မိတ္ထီလာကနေ လားရှိုးဘက် ပြောင်းပြီး အလုပ်လုပ်ကိုင်နေသူ အသက် ၂၈ နှစ်အရွယ် လူငယ်တစ်ဦးကလည်း သူ့မိသားစုဝင်တစ်ဦး ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို အခုလိုပြောပြပါတယ်။
“စာရင်းပေါက်တယ်ဆိုလို့ သိန်း ၁၀၀ နဲ့ ညှိပြီး ပြေလည်သွားပြီ၊ ဒါပေးလိုက်ရင်ဘယ်တော့မှ မထမ်းရတော့ဘူးလို့ သူတို့ပြောသွားတာ၊ မကြာဘူး လမ်းသွားနေရင်း ယောက်ဖကိုပေါ်တာဆွဲသွားတယ် လိုက်ထုတ်တာ လုံးဝပေးမထုတ်တော့ဘူး၊ ပိုက်ဆံလည်းဆုံးလူလည်း ပါ၊ အခုဆို ရပ်ကွက်တွေထဲ လူငယ်တွေ သိပ်မရှိကြတော့ဘူး အကုန်လုံးရှောင်တိမ်းကုန်ကြပြီ” လို့ ဆိုပါတယ်။
စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်တွေဟာ တစ်စတစ်စ လုံးဝ ပျောက်ဆုံးလုနီးပါးဖြစ်နေပြီလို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကလည်း ထောက်ပြပြောဆိုကြပါတယ်။
အခုဆိုရင် ညအချိန်မတော် အပြင်ထွက်တဲ့သူကိုတင် ပေါ်တာဆွဲတာမဟုတ်ဘဲ နေ့ခင်းကြောင်တောင် အချိန်မှာတောင် ပေါ်တာဆွဲတယ်ဆိုတဲ့ သတင်းစကားတွေဟာ လူမှုကွန်ရက်စာမျက်နှာနဲ့ အများပြည်သူတွေအကြား ပျံ့နှံ့လို့နေတာပါ။
ဒီလိုပေါ်တာဆွဲတာဟာ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးတဲ့နောက်မှာ ဈေးကွက်တစ်ခုလိုဖြစ်လာနေခဲ့ပြီး တစ်နည်းအားဖြင့် လူကုန်ကူးတဲ့နည်းတစ်ခုလို့လည်း ဝေဖန်နေကြပါတယ်။ နှစ်နှစ်အတွင်း ဒီဈေးကွက်က ပိုကြီးထွားလာခဲ့ပါတယ်။
ဘယ်သူတွေက ပေါ်တာဆွဲဖို့ခိုင်းစေသလဲဆိုတာ အခုချိန်ထိ အတိအကျ မထွက်လာသေးပေမယ့် စစ်တပ်ဘက်က ဒီအခြေအနေကို သူတို့မလုပ်ဘူးလို့ငြင်းဆိုထားတာတွေရှိသလို လုပ်တဲ့သူတွေကိုလည်း အတိအကျတိုင်ဖို့ ပြောဆိုထုတ်ပြန်ထားတာကို တွေ့ရပါတယ်။
မြေပြင်မှာတော့ စစ်တပ်ဝတ်စုံ ဝတ်တဲ့သူတွေနဲ့ အရပ်ဝတ်တွေ ပေါင်းပြီး လုပ်ဆောင်နေကြတာဖြစ်ပြီး လူတစ်ဦးကို အနည်းဆုံး ကျပ် သိန်း ၇၀ ကနေစလို့ ကျပ်သိန်း ရာချီအထိ ပေါက်ဈေးရှိနေပြီး ဒီဈေးနှုန်းတွေဟာ တိုင်းနဲ့ ပြည်နယ်အလိုက်ကွာခြားနေတာကို စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ယူနီဖောင်းချွတ်ပြီး အရပ်ဝတ်ဝတ်ထားတဲ့သူတွေရဲ့ ခေါ်ယူစစ်မေးခြင်းကို ခံခဲ့ရသူ လူငယ်တစ်ဦးကလည်း “သူတို့ကားနားက ကျွန်တော် ဖြတ်လျှောက်တော့ ကျွန်တော့်ကို လှမ်းခေါ်တာ မှန်ဖွင့်လိုက်တော့ ယူနီဖောင်းကို ခုံပေါ် လှန်းထားတယ်၊ ဘယ်ကလဲ ဘာလုပ်လဲနဲ့ နှိုက်နှိုက်ချွတ်ချွတ်ကို စစ်မေးတာ ၊ မှော်ဘီမြို့နယ်ထဲမှာ အမေးခံရတာ၊ ကံကောင်းတယ် ကျွန်တော့်ကို ပြန်လွှတ်ပေးလိုက်တယ်၊ အဲ့ဒါ နေ့ခင်းဘက်ကြီး ကျွန်တော် အလုပ်သွားတဲ့အချိန်မှာ ဖြစ်တာ” လို့ ပြောပြပါတယ်။
စစ်တပ်ရဲ့ ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့သူတွေဟာ စစ်မှုထမ်း ဥပဒေနဲ့ ဘယ်သူမှ လွတ်နိုင်တော့မှာ မဟုတ်တဲ့အပြင် ဒီပေါ်တာဆွဲတဲ့လုပ်ငန်းကို စစ်တပ်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဖြစ်တဲ့ စစ်ထွက်၊ စစ်ပြေး ပြည်သူ့စစ်လို့ခေါ်တဲ့ ပျူစောထီးတွေက လုပ်ဆောင်နေတာဖြစ်ပြီး လုပ်ပိုင်ခွင့်ကို အာဏာခွဲဝေပေးလိုက်တဲ့သဘောဖြစ်နေတာကို တွေ့ရပါတယ်။
“ဒီဥပဒေက စစ်တပ်ကို စိတ်ဝမ်းကွဲစေနိုင်သလို၊ လွှတ်တော်ကိုယ်စားလှယ်နဲ့ စစ်တပ်ကိုလည်း ပြန်ပြီးတော့ ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်တယ်။ ပေါ်တာပေါ်မူတည်ပြီး စစ်တပ်ရဲ့ တန်ခိုးအာဏာ ထွားလာနိုင်တဲ့အနေအထားမှာရှိတယ်။ ပေါ်တာဆွဲတဲ့သူတွေကို မဖမ်းဘူးလားဆို ဖမ်းတယ်။ အရှိန်အဟုန်ကောင်းလာတဲ့အချိန်မှာ မဖမ်းဘူးလားမေးရင် ဖမ်းတယ်ပေါ့ဆိုပြီး လုပ်ပြရတယ်။ ငွေရေးကြေးရေးယူတဲ့သူတွေကို ဖမ်းတယ်ပေါ့ ဒါပေမယ့် သူ့လူရင်းတွေကို မဖမ်းဘူး၊ ကိုင်းဖျားကိုင်းနားတွေကိုပဲ ဖမ်းတာပေါ့” လို့ သူက ဆက်လက်ရှင်းပြပါတယ်။
နှစ်နှစ်အတွင်း ပိုမိုဆိုးရွားလာတဲ့ ပေါ်တာဆွဲ အခြေအနေကို ကြပ်မတ်ပေးဖို့ စစ်တပ်ထောက်ခံသူတွေကလည်း ဝိုင်းဝန်းတောင်းဆိုနေတာတွေလည်း ရှိပါတယ်။ ဒီအခြေအနေဟာ စစ်တပ်ကို ထောက်ခံနေတဲ့ အင်အားလျော့ကျသွားစေနိုင်တဲ့ အခြေအနေတစ်ရပ်ဖြစ်တယ်လို့ စစ်ရေးစောင့်ကြည့်သူတစ်ဦးက မှတ်ချက်ပေးပါတယ်။
တပ်တွင်းသတင်းရင်းမြစ်တစ်ဦးကလည်း “တစ်လောက အရာရှိသားကို ပေါ်တာဆွဲပြီး ပဲခူးမှာ ရောင်းစားလိုက်တယ်၊ အချိတ်အဆက်နဲ့ မနည်းလိုက်ထုတ်ရတယ်၊ အချင်းချင်းတောင် လုပ်ချင်ရာ လုပ်နေတာ၊ ပြောရရင် အတွင်းလူကလည်း ပါပါတယ် ဒါအမှန်ပါ၊ ဒါပေမယ့်လည်း တစ်ဖက်မှာလည်း အဲ့လိုလုပ်တဲ့ သူတွေကိုလည်း ဖမ်းတယ် ရာထူးကနေ ဖြုတ်တယ် ဒါတွေလည်း လုပ်ပါတယ်။ စစ်တပ်လို့ ခေါင်းစဉ်တပ်ပြီး လုပ်စားနေကြတာတွေလည်း အများကြီးရှိပါတယ်” လို့ ပြောပါတယ်။
ပေါ်တာဆွဲခံရသူ အများစုဟာ ပဲခူးတိုင်းအတွင်းမှာ ရောင်းစားခံရတာဖြစ်ပြီး ငွေကြေး ပိုရတယ်လို့ ဆိုကြပါတယ်၊ ပေါ်တာဆွဲချိန်မှာ ဖမ်းလိုက်တဲ့သူရဲ့ လက်ကိုင်ဖုန်းတွေကို သိမ်းဆည်းပြီး ဘယ်သူနဲ့မှ အဆက်အသွယ်လုပ်လို့မရအောင် အစဖျောက်လိုက်တာဖြစ်တယ်လို့ အဲ့ဒီ့ တပ်တွင်းရင်းမြစ်က ဆိုပါတယ်။ တပ်သားသစ်စုဆောင်းရေးကလည်း လာပို့တဲ့သူက ပေါ်တာဆွဲခံရတာ ဟုတ်မဟုတ် မစစ်ဆေးနိုင်တဲ့အတွက် လူသစ်စုဆောင်းရေးထဲ လာပို့ရင် လူလိုတဲ့အတွက် ခေါ်ထားလိုက်ရတယ်လို့ သိရပါတယ်။
စစ်တပ်က တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ အချိန်ကစလို့ စစ်မှုထမ်းဖို့ လူသစ်ခေါ်ယူစုဆောင်းတာကို အင်တိုက်အားတိုက်လုပ်လာခဲ့တာဖြစ်ပြီး အခုဆိုရင် အပတ်စဉ် ၂၆ ထိ ရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်။
စစ်တပ်အတွက် အင်အားတစ်ခုရစေတဲ့ ပေါ်တာဆွဲပြီး လူသစ်စုဆောင်းတာကို ပြန်ပြီး ဘေးထွက်ဆိုးကျိုးများအောင် ပြည်သူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုက များစွာလိုအပ်တယ်လို့ ထောက်ပြပြောဆိုနေကြတာမျိုးလည်း ရှိပါတယ်။
စစ်မှုထမ်း အကျုံးဝင်တဲ့ ကာလအတွင်းမှာ ပိုက်ဆံပေးလည်း တစ်နေ့မဟုတ်တစ်နေ့ စစ်မှုထမ်းရမှာ ဖြစ်တဲ့အတွက် ဘယ်သူဘယ်ဝါရဲ့ သားသမီးတွေ စစ်မှုထမ်းဖို့ကျန်တယ်၊ ဘယ်သူတွေရဲ့ သားသမီးတွေလည်း မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတာကို ကျယ်ကျယ်လောင်လောင်နဲ့ ဆန့်ကျင်ပြောဆိုတဲ့အခါမှသာ စစ်တပ်ဘက်ကို ပြန်လည်ရိုက်ခတ်လာမှာဖြစ်တယ်လို့ စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ထောက်ပြပြောဆိုကြပါတယ်။
ဒီအခြေအနေကို ထောက်ခံကြတဲ့သူတွေလည်း ရှိသလို မထောက်ခံကြတဲ့သူတွေလည်း ရှိနေပါတယ်။ လက်တွေ့မြေပြင်မှာတော့ စစ်မှုထမ်းကို အကြောင်းပြလို့ ပေါ်တာဆွဲဖမ်းဆီးတာတွေဟာ အမျိုးသား လူငယ်လူရွယ်တွေဆီတင်မကဘဲ အမျိုးသမီးတွေဆီကိုပါ ဦးတည်လို့ လာနေပါပြီ။
ဒီအခြေအနေတွေဟာ ပြည်တွင်းက ပြည်သူတွေရဲ့ နေ့စဉ် လှုပ်ရှားသွားလာရတဲ့ ဘဝကို ပိုမိုခြိမ်းခြောက်နေပြီး လူငယ်လူရွယ်တွေရဲ့ ဘဝဟာ ကျီးလန့်စာ စားနေရတဲ့ အခြေအနေကို ရောက်လာလို့နေပါတယ်။
