ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ် ပြည်တွင်းသို့ မဝင်ရောက်နိုင်သော်လည်း ၎င်းကြောင့် မိုးကြီးမည်

ဓာတ်ပုံ-မိုးဇလ

ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်းမှတစ်ဆင့် ပိုမိုအားကောင်းလာသည့် မုန်တိုင်းငယ် (Depression) တစ်ခု ဖြစ်ပေါ်နေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇွန် ၅ရက်) မွန်းလွဲပိုင်းတွင် ထုတ်ပြန်သည်။

အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၃၇၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသောကြောင့် အဝါရောင်အဆင့်အဖြစ် သတ်မှတ်ထားသည်။

လက်ရှိတွင် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားလျက်ရှိပြီး နောက် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေကို ဖြတ်ကျော်နိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။

“ဘင်္ဂလားပင်လယ်အော် နောက်မြောက်ပိုင်းမှာ မုန်တိုင်းငယ် ဖြစ်နေတာကြောင့် မြန်မာနိုင်ငံထဲကို အနောက်တောင်မုတ်သုံလေတွေ အလွန်အားကောင်းစွာ စီးဝင်တိုက်ခတ်နေဆဲ ဖြစ်တယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း၊ အလယ်ပိုင်းတို့ကနေ အစိုဓာတ်တွေ အပြည့်ပါတဲ့ တိမ်တိုက်ကြီးတွေဟာ မြန်မာနိုင်ငံအောက်ပိုင်းနဲ့ အနောက်ဘက်ကမ်းရိုးတန်းဒေသတွေဆီကို အရှိန်အဟုန်နဲ့ ဆက်တိုက် ဝင်ရောက်နေမှာ ဖြစ်တယ်” ဟု မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

မုန်တိုင်းငယ်သည် မြန်မာနိုင်ငံအတွင်းသို့ တိုက်ရိုက်ဝင်ရောက်မည့် အခြေအနေမရှိသော်လည်း ၎င်း၏အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်နှင့်မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၁၁ ပေမှ ၁၄ ပေခန့်အထိ ရှိနိုင်သည်ဟု မိုးဇလက သတိပေးထားသည်။

ထို့ပြင် မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးဇလက ဆိုသည်။

ထို့ကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်နှင့် ချောင်းငယ်များအနီး နေထိုင်သူများအနေဖြင့် ရေကြီးရေလျှံမှုများကိုလည်းကောင်း ကြိုတင်သတိပြုရန် လိုအပ်ကြောင်း မိုးဇလက အသိပေးထားသည်။