ထိုင်းလေယာဉ်မယ် တစ်ဦးက ဩစတြေးလျနိုင်ငံသို့ ပို့ခဲ့သည့် ဘိန်းများသည် မြန်မာနိုင်ငံက ထုတ်လုပ်ခဲ့ခြင်းဖြစ်ဟု ထိုင်းရဲတပ်ဖွဲ့ စွပ်စွဲ

ထိုင်းလေကြောင်းလိုင်း (Thai Airways) မှ လေယာဉ်မယ်တစ်ဦးက ဩစတြေးလျနိုင်ငံသို့ မှောင်ခိုသွင်းခဲ့သည့် ဟီးရိုးအင်း (ဘိန်းဖြူ)များသည် မြန်မာနိုင်ငံတွင် ထုတ်လုပ်ကာ လာအိုနိုင်ငံမှတစ်ဆင့် ထိုင်းနိုင်ငံမြောက်ပိုင်းသို့ မှောင်ခိုသွင်းလာခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ယူဆထားသည်။

မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ (NSB)၏ ဒုတိယအကြီးအကဲ ရဲဗိုလ်ချုပ် ဆွန်ဘွန်း သီရန်ခေါင် က အသက် ၂၆ နှစ်အရွယ် မမီးနာ (အမည်လွှဲ)ဆိုသည့် အမျိုးသမီး သယ်ဆောင်လာသော ဟီးရိုးအင်းများကို မြန်မာနိုင်ငံရှိ မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုက ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါမူးယစ်ဆေးဝါးများသည် လာအိုနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသည့် ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဖာ့ယောင်း (Phayao) ခရိုင်၊ ချင်းခမ်း (Chiang Kham) မြို့နယ်မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ကာ၊ ချင်းခမ်းမြို့နယ်သည် တရားမဝင်မူးယစ်ဆေးဝါးများ ဖြတ်သန်းသယ်ဆောင်ရာ လမ်းကြောင်းတစ်ခုအဖြစ် ရှုမြင်ခံထားရသဖြင့် စောင့်ကြည့်ခံထားရသည့်နေရာ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

မူးယစ်ဆေးဝါးများသည် ထိုင်းနယ်စပ်တောက်လျှောက် တင်းကျပ်သည့် စစ်ဆေးမှုများကို ရှောင်ကွင်းရန်အတွက် မြန်မာနိုင်ငံမှ တိုက်ရိုက်မဝင်ဘဲ လာအိုနိုင်ငံမြောက်ပိုင်းကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ကာ မကြာသေးမီက ချင်းခမ်းမြို့နယ်အတွင်း စီးနင်းမှုများ၌ စိတ်ကြွရူးသွပ်ဆေးပြား သန်းနှင့်ချီ ဖမ်းဆီးရမိခဲ့မှုက ဤအချက်ကို အတည်ပြုနေကြောင်း ၎င်းက ပြောသည်။

ထိုနေရာမှတစ်ဆင့် မူးယစ်ဆေးဝါးများကို ထိုင်းနိုင်ငံအတွင်း ဖြတ်သန်းသယ်ဆောင်ပြီး အများစုကို ပြည်ပနိုင်ငံများသို့ တင်ပို့ကြကြောင်း ရဲဗိုလ်ချုပ် ဆွန်ဘွန်းက ဆိုသည်။

စစ်ဆေးတွေ့ရှိချက်များအရ အုထိုင်း ခန်နာဘီဝတ် ဆိုသူသည် ဇွန်လ ၂၂ ရက်နေ့က ဘန်နာ (Bang Na) ခရိုင်ရှိ မမီးနာ၏ ကွန်ဒိုသို့ သွားရောက်ကာ ဟီးရိုးအင်းများ ဝှက်ထည့်ထားသည့် ဆင်ရုပ်ပါအိတ်များ ပါဝင်သော ပါဆယ်ထုပ်ကို လာရောက်ပေးအပ်ခဲ့ကြောင်း ဝန်ခံထားသည်။

၎င်းက ဇွန်လ ၂၀ ရက်နေ့တွင် အဆိုပါပါဆယ်ထုပ်နှင့် အခြားပါဆယ်ထုပ်များကို ချင်းခမ်းမြို့နယ်၌ သွားရောက်ယူဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ပြောကြားခဲ့သည်။

အုထိုင်းကို ပြီးခဲ့သည့် သောကြာနေ့က ဖိဿနုလောက် (Phitsanulok) မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းသည် ယခင်ကလည်း ယခုကဲ့သို့ မူးယစ်ဆေးဝါး ပို့ဆောင်မှုမျိုး သုံးကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ဖူးကြောင်း ရဲတပ်ဖွဲ့ထံ ဝန်ခံထွက်ဆိုထားသည်။

မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲက အုထိုင်း၏ အပြုအမူများကြောင့် ၎င်းစစ်ဆေးမေးမြန်းခန်းတွင် ထွက်ဆိုထားသည့် အချက်အလက်များအပေါ် ရဲတပ်ဖွဲ့က သံသယဝင်နေကြောင်း ပြောကြားခဲ့သည်။

အုထိုင်းသည် ဇွန်လ ၂၅ ရက်နေ့က ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းလေဆိပ် (Melbourne Airport) တွင် မမီးနာ ဖမ်းဆီးခံရပြီးနောက် ၎င်း၏လက်ကိုင်ဖုန်းကို ချက်ချင်းလဲလှယ်ခဲ့ပြီး လက်ဝယ်ရှိ အခြားမူးယစ်ဆေးဝါးများကို စွန့်ပစ်ရန် ကြိုးပမ်းခဲ့သည်။

ထို့ပြင် အုထိုင်းသည် ဖာ့ယောင်းခရိုင်မှ ယူဆောင်လာသည့် ပါဆယ်ထုပ်များကို အယုဒ္ဓယရှိ ၎င်း၏တိုက်ခန်းတွင် သိမ်းဆည်းထားခဲ့ကြောင်း၊ ဇွန်လ ၂၂ ရက်နေ့တွင်မူ ၎င်းက အာတစ်ရတ် ဆူပီယန်ဆိုသူအား ကားမောင်းခိုင်းပြီး မမီးနာထံ သို့ မူးယစ်ဆေးဝါးများပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

စနေနေ့က အုထိုင်း၏ တိုက်ခန်းကို ဝင်ရောက်ရှာဖွေရာတွင် အိတ်များအတွင်း၌ ဟီးရိုးအင်းအကြွင်းအကျန်များကို တွေ့ရှိခဲ့ကြောင်း၊ လေယာဉ်မယ် ဖမ်းဆီးခံရပြီးနောက် သောကြာနေ့တွင် အထောက်အထားများကို အလျင်အမြန် ဖျက်ဆီးရန် ကြိုးပမ်းသည့်အနေဖြင့် အခြားအိတ်များကို အယုဒ္ဓယရှိ လမ်းဘေးတစ်နေရာတွင် စွန့်ပစ်ခဲ့ကြောင်း ရဲဗိုလ်ချုပ် ဆွန်ဘွန်း၏ ပြောပြချက်အရ သိရသည်။

ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့၏ ဒုတိယရဲမင်းကြီး ရဲဗိုလ်ချုပ် သီရဒေခ်ျ သမ်သူသီ (Pol Lt Gen Theeradej Thamsuthee) က အုထိုင်းနှင့် ၎င်း၏သူငယ်ချင်းဖြစ်သူတို့က စုံစမ်းစစ်ဆေးရေးမှူးများကို လိုက်လံပြသခဲ့သဖြင့် စွန့်ပစ်ထားသည့် အိတ်များကို တနင်္ဂနွေနေ့တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် ယခုမူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံနှင့် ဩစတြေးလျနိုင်ငံ နှစ်ဖက်စလုံး၌ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။