By The Thaiger
ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား ၄သန်းနီးပါး၏ နှစ်စဉ်သုံးစွဲငွေ ပမာဏမှာ ဘတ်ငွေ ၂၂၁ဘီလီယံ( အမေရိကန်ဒေါ်လာ ၆ဒဿမ ၇ဘီလီယံခန်) ရှိနေပြီး ၎င်းတို့သည် ထိုင်းနိုင်ငံစီးပွားရေးအတွက် ကြီးမားသော စားသုံးသူစျေးကွက်သစ်တစ်ခု ဖြစ်ကြောင်း ထိုင်းအခြေစိုက် Happio အကြံပေးလုပ်ငန်း၏ နောက်ဆုံးစစ်တမ်းအရ သိရသည်။
ယင်းပမာဏမှာ လက်ရှိ ထိုင်းစီးပွားရေးလုပ်ငန်းရှင်အများစု သတိမထားမိဘဲ လက်လွတ်စပြုနေသည့် ဈေးကွက်ကြီးတစ်ခုလည်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားအများစုမှာ ဘန်ကောက်မြို့တွင် ၅ သိန်း ၂ သောင်းကျော်ဖြင့် အများဆုံး နေထိုင်ကြပြီး စမွတ်စခွန်း၊ ချင်းမိုင်၊ တာ့ခ် (မဲဆောက်) နှင့် ရနောင်းမြို့များတွင် ဒုတိယအများဆုံး ပြန့်နှံ့နေထိုင်လျက် ရှိသည်။
နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) ၏ ထုတ်ပြန်ချက်အသစ်အရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ ၄ လတာကာလအတွင်း မြန်မာနိုင်ငံသား ၆၈၇,၀၀၀ကျော်သည် ထိုင်းနိုင်ငံအတွင်းသို့ တာ့ခ်၊ ရနောင်း၊ ကန်ချနပူရီနှင့် ချင်းရိုင်း နယ်စပ်ဂိတ်များမှတစ်ဆင့် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ အလုံးအရင်းဖြင့် ပြောင်းရွှေ့လာရခြင်းမှာ စစ်ကော်မရှင်၏ အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်း အမျိုးသားများနှင့် အသက် (၁၈) နှစ်မှ (၂၇) နှစ်အတွင်း အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် ဖိအားပေးနေသည့် စစ်မှုထမ်းဥပဒေကြောင့် ဖြစ်သည်။
ယင်းအပြင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ဆက်တွဲ ပြည်တွင်းစစ်မီး တောက်လောင်မှု၊ ယမန်နှစ်က လှုပ်ခတ်ခဲ့သည့် ပြင်းထန်သော ငလျင်ဒဏ်နှင့် စီးပွားရေးပျက်ကပ်များကြောင့် လူငယ်အများစုမှာ နိုင်ငံတွင်းမှ ထွက်ခွာရန် ရွေးချယ်လာကြခြင်း ဖြစ်သည်။
IOM က ထိုင်းနိုင်ငံသို့ အသစ်ဝင်ရောက်လာသူ ၃,၅၀၀ ကျော်ကို မေးမြန်းချက်အရ ၎င်းတို့အနက် ၄၁ ရာခိုင်နှုန်းမှာ တရားဝင်အထောက်အထား စာရွက်စာတမ်း တစ်စုံတစ်ရာ မရှိကြဘဲ ဝင်ရောက်လာရသည့် အဓိကအကြောင်းရင်းမှာ စစ်ပွဲဒဏ်မှ ဘေးလွတ်ရာသို့ တိမ်းရှောင်ရန် ဖြစ်သည်။
လက်ရှိတွင် ထိုင်းနိုင်ငံရောက် မြန်မာလူထုသည် ရိုးရှင်းသည့် အခြေခံရွှေ့ပြောင်းလုပ်သားအဆင့်မျှသာ မဟုတ်တော့ဘဲ ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးအခန်းကဏ္ဍများကို တိတ်တဆိတ် ပြောင်းလဲပုံဖော်ပေးနေသည့် အင်အားစုတစ်ခု ဖြစ်လာနေသည်။
ထို့ပြင် တက္ကသိုလ်ပညာရေး ကဏ္ဍတွင်လည်း ဘွဲ့လွန်၊ ဘွဲ့ကြိုသင်တန်းများ၌ တက်ရောက်နေသည့် မြန်မာကျောင်းသားဦးရေမှာ အာဏာမသိမ်းမီက တစ်နှစ်လျှင် ၃,၀၀၀ အောက်သာ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၁၇,၀၀၀ ကျော်အထိ ၆ ဆခန့် သိသိသာသာ မြင့်တက်လာခဲ့သည်။
ထို့ကြောင့် လက်ရှိ မြန်မာရွှေ့ပြောင်းအခြေချသူများ၏ ပုံရိပ်သည် နယ်စပ်ဖြတ်ကျော်ရုံမျှသာမဟုတ်ဘဲ ထိုင်းနိုင်ငံ၏ ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့် ကုန်စည်စားသုံးမှု ကဏ္ဍကြီးတစ်ခုလုံးကို လွှမ်းမိုးမောင်းနှင်နိုင်သည့် အလားအလာရှိသော လူထုအစုအဖွဲ့သစ်တစ်ခု ဖြစ်လာနေကြောင်း အစီရင်ခံစာတွင် ဆိုထားသည်။
