By Reuters
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဝါရှင်တန်ဒီစီမြို့တော်နှင့် သမိုင်းဝင်အိမ်ဖြူတော်တို့ကို ၎င်း၏ ကိုယ်ပိုင်စိတ်ကြိုက်ဒီဇိုင်းများအတိုင်း အကြီးအကျယ် ပြောင်းလဲပစ်ရန် လုပ်ဆောင်နေမှုအပေါ် သမိုင်းဝင်အထိမ်းအမှတ်များကို ဖျက်ဆီးနေသည်ဟုဆိုကာ ပြည်သူများနှင့် ကျွမ်းကျင်သူများ၏ ပြင်းထန်သော ဝေဖန်ကန့်ကွက်မှုများကို ရင်ဆိုင်နေရသည်။
ယခင်သမိုင်းတွင် သီအိုဒို ရုစဗဲ့နှင့် ဟာရီ ထရူးမင်း ကဲ့သို့သော သမ္မတများလည်း အိမ်ဖြူတော်ကို ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ဖူးသော်လည်း ယခုထရမ့်၏ လုပ်ဆောင်ချက်များမှာမူ တရားစွဲဆိုမှုများနှင့်ပါ ရင်ဆိုင်နေရသည့် အငြင်းပွားဖွယ်ရာ အစီအစဉ်များ ဖြစ်နေသည်။
ထရမ့်သည် လက်ရှိတွင် ဒေါ်လာ သန်း ၄၀၀ ကျော် အကုန်အကျခံကာ စတုရန်းပေ ၉ သောင်းကျော် ကျယ်ဝန်းမည့် အိမ်ဖြူတော် ကပွဲခန်းမကြီးတစ်ခုကို ဆောက်လုပ်လျက်ရှိသည်။
ယင်းဆောက်လုပ်မှုကြောင့် သမိုင်းဝင် သမ္မတကတော်၏ ရုံးခန်းများနှင့် အိမ်ဖြူတော်ရုပ်ရှင်ရုံ တည်ရှိရာ ‘အရှေ့ဘက်ဆောင် (East Wing)’ ဖျက်ဆီးခံလိုက်ရသဖြင့် သမိုင်းထိန်းသိမ်းစောင့်ရှောက်သူများက သမ္မတသည် လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်သည်ဟုဆိုကာ ဖက်ဒရယ်တရားရုံးတွင် တရားစွဲဆိုထားကြသည်။
ထို့ပြင် မာတင်လူသာကင်း ကမ္ဘာကျော်မိန့်ခွန်းပြောကြားခဲ့သည့် သမိုင်းဝင် လင်ကွန်းအထိမ်းအမှတ် ရောင်ပြန်ရေကန်ကြီးကိုလည်း ဒေါ်လာ ၁၆ သန်းကျော် အကုန်ခံကာ ပြုပြင်ခဲ့သော်လည်း ပြီးစီးပြီးချင်းတွင် ဆေးများကွာကျကာ ရေမှော်များတက်၍ ရေများစိမ်းသွားခဲ့သည်။ ယင်းအပေါ် အစိုးရဘက်က သက်သေမရှိဘဲ လူမိုက်များ ဖျက်ဆီးခြင်းဖြစ်သည်ဟု လွှဲချခဲ့သည်။
အခြားအငြင်းပွားဖွယ်ရာ ပြုပြင်ပြောင်းလဲမှုများအတွင်း သမိုင်းဝင် ကနေဒီအနုပညာစင်တာကို ‘ထရမ့် ကနေဒီစင်တာ’ ဟု အမည်ပြောင်းရန် ကြိုးပမ်းခဲ့သဖြင့် ဖျော်ဖြေပွဲများ ပျက်ပြယ်ကာ လက်မှတ်အရောင်းကျဆင်းခဲ့ရပြီး နောက်ပိုင်းတွင် တရားသူကြီးတစ်ဦး၏ အမိန့်ဖြင့် ထရမ့်အမည်ကို ပြန်လည်ဖြုတ်ချခဲ့ရခြင်းလည်းပါဝင်သည်။
ထို့ပြင် ဘဲဥပုံရုံးခန်း (Oval Office) ကို ရွှေရောင်ဒီဇိုင်းများ၊ ရုပ်တုများနှင့် ပြောင်းလဲခဲ့သလို၊ သမိုင်းဝင် ‘နှင်းဆီဥယျာဉ် (Rose Garden)’ မြက်ခင်းပြင်ကိုလည်း ဖျက်ဆီး၍ ဒေါက်ဖိနပ်စီးသည့် အမျိုးသမီးများ မြေကြီးထဲကျွံမဝင်စေရန်ဟု အကြောင်းပြကာ ၎င်း၏ ကိုယ်ပိုင် Mar-a-Lago Club စတိုင် အဖြူရောင်ကျောက်ပြားများ ခင်းကျင်းခဲ့သည်။
တဖန် အိမ်ဖြူတော်စင်္ကြံလမ်းရှိ သမ္မတ ၄၇ ဦး၏ ဓာတ်ပုံများအနက် ၂၀၂၀ ပြည့်နှစ်တွင် ၎င်းကို အနိုင်ရခဲ့သည့် သမ္မတ ဂျိုးဘိုင်ဒင်၏ ဓာတ်ပုံနေရာတွင် လက်မှတ်ထိုးရာ၌သုံးသည့် စက်ကလောင် (Autopen) ပုံကြီးဖြင့် အစားထိုးကာ လှောင်ပြောင်ထားသည်။
ထို့ပြင် ပိုတိုမက်မြစ်တစ်ဖက်ကမ်းတွင် ပြင်သစ်ပါရီမြို့ရှိ မုခ်ဦးထက် ကြီးမားပြီး အမြင့်ပေ ၂၅၀ ရှိမည့် ‘လွတ်လပ်ရေးမုခ်ဦးကြီး (Independence Arch)’ ကို ဆောက်လုပ်ရန် ပြင်ဆင်နေသည်။
ယင်းသည် အမေရိကန်လွှတ်တော်အဆောက်အအုံနီးပါး မြင့်မားနေသဖြင့် ရော်နယ်ရေဂင်လေဆိပ်သို့ ဆင်းသက်မည့် လေယာဉ်များ၏ ပျံသန်းမှုလမ်းကြောင်းကို ပိတ်ဆို့နှောင့်ယှက်နိုင်ကြောင်း ကျွမ်းကျင်သူများက စိုးရိမ်နေကြသည်။
သမ္မတထရမ့်သည် ဒေါ်လာ သန်း ၄၀ ကုန်ကျမည့် ‘အမေရိကန်သူရဲကောင်းများဥယျာဉ်’ စီမံကိန်းနှင့် အနှစ် ၁၀၀ သက်တမ်းရှိ အများပြည်သူသုံး ဂေါက်ကွင်းကြီးကို မေဂျာပြိုင်ပွဲများ ကျင်းပနိုင်မည့် ဂေါက်ကွင်းအဖြစ် ပြောင်းလဲမည့် လုပ်ငန်းများကို လာမည့် စက်တင်ဘာ ၁ ရက်နေ့တွင် စတင်ရန် ပြင်ဆင်နေသည်။
သို့သော်လည်း ယင်းစီမံကိန်းအားလုံးမှာ သမိုင်းဝင်အထိမ်းအမှတ်များကို ဖျက်ဆီးနေသည်ဟူသော စွပ်စွဲချက်၊ တရားစွဲဆိုမှုများနှင့် လုံးထွေးနေပြီး အိမ်ဖြူတော်နှင့် ဝါရှင်တန်ဒီစီကို ကိုယ်ပိုင်အိမ်ရာတစ်ခုကဲ့သို့ စိတ်ကြိုက်ခြယ်လှယ်နေသည့် သမ္မတထရမ့်၏ ခြေလှမ်းများ မည်သို့အဆုံးသတ်မည်ကို ကမ္ဘာက စောင့်ကြည့်နေကြသည်။
