သဲကုန်းမြို့ စစ်တပ်ဂိတ်ကို PDF ဝင်တိုက်၊ ၄ဦးသေ၊ ၂ဦး ပြင်းထန်ဒဏ်ရာရနောက်ဆုံးမှ ဆုတ်ခွာ ခံပစ်သော PDFတပ်စုမှူး ကျဆုံး

ပဲခူးတိုင်း၊သဲကုန်းမြို့ စစ်တပ်ဂိတ်ကို PDF တို့ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၅ဦးသေဆုံးပြီး ၂ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PPDF၃၆၀၁ တပ်ရင်း)က ယနေ့(ဇူလိုင်၆ရက်)သတင်းထုတ်ပြန်သည်။

ဇူလိုင်၂ရက်၊ညနေ ၄နာရီ၁၅မိနစ်ခန့်တွင် သဲကုန်းမြို့၊ဆရာအတတ်သင် ၁လမ်း၌ အထိုင်ချထား သော စစ်တပ်ဂိတ်စခန်းကို PDF တို့က အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲဆင်နေသည့်အချိန်တွင် သဲကုန်းမြို့ထဲရှိ စစ်သားများ ထပ်မံအင်အားဖြည့်လာသောကြောင့် ယင်းဂိတ်စခန်းကို အပြီးအပြတ် သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြကြောင်း ဆုတ်ခွာ ချိန်တွင် PDFတပ်စုမှူး ရဲဘော်ရန်ကြီးအောင်သည် ခေါင်းဆောင်ပီသစွာ နောက်ဆုံးမှနေ၍ ဆုတ် ခွာခဲ့ရာ ကျည်ထိမှန်ကာ ကျဆုံးခဲ့ပြီး PDF ရဲဘော်တစ်ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရခဲ့ကြောင်း PPDF၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။

“စခတွေ သောက်စားဖို့ပြင်နေတဲ့အချိန်မှာ အလစ်ဝင်တိုက်တာ။မြို့ထဲက စစ်ကူမလာရင် အကုန် ပွဲပြီးနိုင်တယ်။ဆေးရုံဘက်သတင်းအရ စခတွေ သေတာ ဟုတ်တယ်။ကျန်တာတော့ မသိ ဘူး”ဟု သဲကုန်းမြို့၊ရပ်ကွက်ကြီးတစ်ခုတွင် နေထိုင်နေသူတစ်ဦးက MPAသို့ပြောသည်။

ယင်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ၂၁ ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင် တပ် ရင်း၁ တပ်ရင်းရုံး၊တပ်ခွဲ၁၊တပ်ခွဲ၄၊ တပ်ခွဲ၅၊ ပြည်ခရိုင်ပကဖ အထူးတိုက်ခိုက်ရေးအဖွဲ့နှင့် ပြည်ခရိုင် တပ်ရင်း၂၊တပ်ခွဲ၄တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။

စစ်သားများ သေဆုံးဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။