စစ်မှုထမ်းသင်တန်းမစမီ ၁၀ရက်ခန့်အလိုမှစ၍ ရန်ကုန်တွင် ပေါ်တာ သောင်းကျန်းဟုဆို

ဓာတ်ပုံ-ပြည်သူ့စစ်မှုထမ်းများစုစည်းရာ တယ်လီဂရမ်
စစ်မှုထမ်းသင်တန်းသားများကို အသုံးအဆောင်များ ပေးနေစဉ်။

လစဉ် စစ်မှုထမ်းသင်တန်းမစတင်မီ ၁၀ရက်ခန့်အလိုမှစ၍ ရန်ကုန်မြို့၌ အပူတပြင်း ပေါ်တာဆွဲလေ့ ရှိကြောင်း Rangoon Scout Network-RSN က ဆိုသည်။

ရန်ကုန်မြို့ ပေါ်တာဆွဲမှုများကို အမြဲမပြတ် စောင့်ကြည့်နေမှု မှတ်တမ်းက အထက်ပါအတိုင်း ပြဆို နေကြောင်း သိရသည်။

“စစ်မှုထမ်း သင်တန်း စခါနီးလေ လူလိုက်ဆွဲတာတွေ ပိုစိပ်လာလေပါပဲဗျ။ မစခင် ၁၀ ရက်လောက် အလိုဆို သူတို့တွေ အပူတပြင်းလှုပ်ရှားပါပြီ။ နီးလာလေ ပြန်လိုက်ထုတ်ရတာလည်း ခက်လာလေ ပါပဲ။ ပိုက်ဆံလည်း မတရားတောင်းပါတယ်။ လူမပြည်ပြည့်အောင် ဖြည့်နေတဲ့ကာလမို့လို့ ယူဆပါ တယ်။ အဲ့ရှေ့ ရက်တွေဆိုရင်တော့ လစ်သလို ဆွဲ၊ ဒဏ်ငွေညှစ်ပြီး ပြန်လွှတ်တတ်ပါတယ်”ဟု RSN တာဝန်ရှိသူက MPAသို့ပြောသည်။

စစ်မှုထမ်းအပတ်စဉ် ၂၆မှ အပတ်စဉ်၁၉အထိ စစ်မှုထမ်းသင်တန်းစတင်ဖွင့်လှစ်သည့်ရက်များကို လေ့လာကြည့်ရာ လစဉ် ၂၀ရက်ဝန်းကျင်၌ စစ်မှုထမ်းသင်တန်း ဖွင့်လှစ်လေ့ရှိကြောင်း သိရသည်။

“များသောအားဖြင့် ရက်၂၀ ဝန်းကျင်မှာ စစ်မှုထမ်းသင်တန်းဖွင့်တယ်။ သင်တန်းအတွက် လူပြည့် တာမြန်ရင် စောဖွင့်တယ်။လူမပြည့်ရင် ပြည့်အောင် လိုက်ဖမ်းနေရလို့ နောက်ကျမှ သင်တန်းဖွင့် တယ်လို့ထင်တယ်”ဟု ရန်ကုန်မြို့ရဲသတင်းရင်းမြစ်က ပြောသည်။

စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂၄ကို ဧပြီ၂၇ရက်မှ ဖွင့်လှစ်ခဲ့ပြီး အပတ်စဉ်၂၆ကို ဇွန်၂၉ရက်မှ ဖွင့် ခဲ့ သည်။
ရန်ကုန်မြို့တွင် ဇွန်လအတွင်း စစ်တပ်၏ မတရားဖမ်းဆီးခြင်းခံရသူ ၅၇ဦးရှိပြီး မေလနှင့် နှိုင်းယှဉ်ပါ က လမ်းမပေါ် ပေါ်တာဆွဲသည့်အကြိမ်ရေ လျော့နည်းသွားကြောင်း RSN က ဆိုသည်။

“အိမ်ထိ ဝင်ဆွဲတာတွေ၊ ဧည့်စာရင်း စစ်ပြီး ခေါ်သွားတာတွေတော့ ပိုများလာပါတယ်။ စုစုပေါင်း အဖမ်းအဆီးဖြစ်စဉ်ကတော့ သိပ်မကွာပါဘူးဗျ”ဟု RSN တာဝန်ရှိသူက ပြောသည်။

ပေါ်တာဆွဲခံရပြီးနောက် ငွေတောင်းရမ်းမှုမှာ ဒေသနှင့်လူပေါ် မူတည်ကာ ကွာခြားကြောင်း သိရသည်။

“မြို့ပေါ် ပိုက်ဆံတတ်နိုင်တဲ့သူကိုဆို သိန်း ၈၀ ဝန်းကျင်လောက်ထိ တောင်းတတ်ပါတယ်။မြို့စွန် ဘက် ပိုက်ဆံမတတ်နိုင်သူဆိုရင်တော့ သိန်း ၄၀ လောက် တောင်းတတ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

သို့သော်၊ ငွေအရနည်းခြင်းနှင့် အခြားသော မြို့နယ်များသို့ ရောင်းစားလျှင် ငွေပိုရနိုင်ခြင်းတို့ကြောင့် ပေါ်တာဆွဲခံရသူများကို မိသားစုဝင်တို့က ငွေဖြင့် ပြန်ရွေး၍ မရသည်က များကြောင်း သိရသည်။