ငါးနှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူ ကျူးလွန်ပုံသရုပ်ပြစဉ် ထွက်ပြေးသဖြင့် သေနတ်ဖြင့် ပစ်သတ်

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်၌ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်ကာ ရွှေနားကပ်လုယက်ခဲ့သည့် တရားခံ ရဲဝင်းပိုင်သည် ယနေ့(ဇူလိုင် ၇ရက်)တွင် ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်ရာနေရာ၌ သရုပ်ပြဆောင်ရွက်စေစဉ် ထွက်ပြေးသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ နေရာ၌ပင် သေဆုံးသွားကြောင်း သိရသည်။

၎င်းသည် ပြစ်မှုကျူးလွန်ပုံ အဆင့်ဆင့်ကို သရုပ်ပြသရန် ဆောင်ရွက်နေစဉ်အတွင်း ရဲတပ်ဖွဲ့ထံမှ ရုတ်တရက် ထွက်ပြေးရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ပြီး၊ ရဲတပ်ဖွဲ့က တားဆီးပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တရားခံ ရဲဝင်းပိုင် (အသက် ၃၃ နှစ်)ကို ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး၊ ၎င်းအား လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ လုယက်မှုများဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်ရာ ထန်းတပင်မြို့နယ်ရဲစခန်းသို့ လွှဲပြောင်းပို့ဆောင်ကာ ယခုကဲ့သို့ သရုပ်ပြခိုင်းစဉ် ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းက ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာတွင် နေထိုင်သည့် အသက် ၅ နှစ်အရွယ် မသော်တာဆိုင်သည် ကျောင်းသွားရန် ပြင်ဆင်ပြီးနောက် နေအိမ်မှ ရုတ်တရက် ပျောက်ဆုံးသွားခဲ့သည်။

ထိုသို့ ပျောက်ဆုံးသွားပြီးနောက်ည ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် တူးချောင်းကျေးရွာရှိ ဦးကံမြင့်လမ်းဘေး အမှိုက်ပုံအတွင်း၌ ခြုံစောင်၊ ဆာလာအိတ်များဖြင့် ထုပ်ပိုးစွန့်ပစ်ထားသည့် ကလေးငယ်၏ ရုပ်အလောင်းကို ပြန်လည်စစ်ဆေးတွေ့ရှိခဲ့ရသည်။

သေဆုံးသူ မိန်းကလေးငယ်၏ ရုပ်အလောင်းကို လှိုင်သာယာပြည်သူ့ဆေးရုံသို့ ပို့ဆောင်စစ်ဆေးခဲ့ရာတွင် ဓမ္မတာဆန့်ကျင်၍ အဓမ္မပြုကျင့်ခံထားရသည့် လက္ခဏာများ တွေ့ရှိခဲ့ရသည်။

၎င်းအပြင် ကလေးငယ်၏ ကိုယ်ခန္ဓာတစ်လျှောက်တွင်လည်း အညိုအမည်းစွဲနေသည့် ဒဏ်ရာအများအပြားကို စစ်ဆေးတွေ့ရှိခဲ့ရသည်။

ထို့ပြင် ကလေးငယ် ဝတ်ဆင်ထားသည့် ရွှေနားကပ်များကို အတင်းအဓမ္မ ဆွဲဖြုတ်လုယက်ယူဆောင်သွားခဲ့သဖြင့် ကလေးငယ်၏ နားပေါက်များမှာ ပြုတ်ထွက်လုနီးပါးအထိ ပြင်းထန်သော ဒဏ်ရာများ ရရှိထားကြောင်း စစ်ဆေးချက်များအရ သိရသည်။

ဖမ်းဆီးရမိခဲ့သည့် တရားခံ ရဲဝင်းပိုင်သည် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ခနွဲခဖိုကျေးရွာဇာတိဖြစ်ပြီး၊ ၎င်းက ကလေးငယ်အား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ကြောင်း ရဲစခန်းတွင် ကိုယ်တိုင် ဝန်ခံထွက်ဆိုထားခဲ့သူ ဖြစ်သည်။