ကုန်သည်များကို မတရားဖမ်းဆီးနေပြီး စီးပွားရေးတိုးတက်ရန် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းရမည်ဟု မင်းအောင်လှိုင် ပြော

ကုန်သည်များကို မတရားဖမ်းဆီးပြီး စီးပွားရေးတိုးတက်ရန် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းရမည်ဟု အတုအယောင် သမ္မတ မင်းအောင်လှိုင်က ယနေ့ နေပြည်တော်တွင်ပြုလုပ်သည့် အတုအယောင်ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင်ပြောကြားခဲ့သည်။

မင်းအောင်လှိုင်က နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အစိုးရတစ်ခုတည်းဖြင့် ဆောင်ရွက်၍မရဘဲ ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ဟု ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ပြီး လက်တွေ့မြေပြင်တွင် ကုန်သည်များနှင့် စီးပွားရေးလုပ်ငန်းရှင် အများအပြားကို မတရား ဖမ်းဆီးအရေးယူခြင်း၊ ဘဏ်လုပ်ငန်းရှင်များကို ဖိအားပေးခြင်းများ ဆောင်ရွက်နေသဖြင့် သူ၏ပြောဆိုချက်မှာ အလွန်လက်တွေ့မကျသည့် ပြောဆိုချက်ဖြစ်ကြောင်း ထိုင်းကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းနေသည့် ကုန်သည်တစ်ဦးက ပြောသည်။

“ပြည်တွင်းမှာ ကုန်ဈေးနှုန်းကြီးမြင့်တာနဲ့ ငွေကြေးဖောင်းပွမှု ပြဿနာတွေ ကြုံရတိုင်း ပုဂ္ဂလိကကဏ္ဍက လုပ်ငန်းရှင်တွေကို ဖမ်းဆီးပြီး အပြစ်ရှာလေ့ရှိတယ်၊ တစ်ဖက်မှာကျတော့လည်း စီးပွားရေးတိုးတက်အောင် ပုဂ္ဂလိကနဲ့ ပူးပေါင်းမယ်ဆိုပြီး ဟန်ပြပြောနေတာပဲ” ဟု ၎င်းက ဆိုသည်။

ယခုကဲ့သို့ လုပ်ငန်းရှင်များကို အကျပ်ကိုင်ဖမ်းဆီးနေမှုများကြောင့် ပုဂ္ဂလိကကဏ္ဍ၏ ယုံကြည်မှုမှာ အောက်ခြေသို့ ရောက်ရှိနေပြီး ကုန်သည်အများစုမှာ လုပ်ငန်းများ ရပ်ဆိုင်းထားရသည့်အထိ ဖြစ်နေသည်။

ထို့ပြင် အဆိုပါ အစည်းအဝေး၌ မင်းအောင်လှိုင်က ဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများကို ပြန်လည်ဆန်းစစ်ရန်နှင့် ကုန်ထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ရေးတို့ကို အလေးထားဆောင်ရွက်ရန် ပြောကြားခဲ့သေးသည်။

သို့သော်လည်း စစ်ကော်မရှင်၏ စစ်မီးများကြောင့် မြန်မာ့အဓိက စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုဇုန်များဖြစ်သည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင် လုပ်ငန်းများ ပျက်စီးနေရပြီး၊ စက်သုံးဆီ ပြတ်လပ်မှုနှင့် လမ်းကြောင်း ပိတ်ဆို့မှုများကြောင့် ကုန်ထုတ်လုပ်မှုစရိတ်မှာ လျှော့ချရန်မဖြစ်နိုင်ဘဲ အဆမတန် မြင့်မားနေသည်။

ယင်းအပြင် မင်းအောင်လှိုင်က နိုင်ငံခြားဝင်ငွေနှင့် ထွက်ငွေ မျှတစေရေးအတွက် ပို့ကုန်တိုးမြှင့်ရန်နှင့် ပို့ကုန်ကျဆင်းရသည့် အကြောင်းရင်းများကို သုတေသနပြုရန် ညွှန်ကြားခဲ့သေးသည်။

အစည်းအဝေးတွင် စားအုန်းဆီနှင့် စက်သုံးဆီတင်သွင်းမှု မြင့်မားနေခြင်းကြောင့် သွင်းကုန်လျှော့ချနိုင်မည့် နည်းလမ်းများကို ရှာဖွေရန်နှင့် မှောင်ခိုတင်သွင်းမှုများကို ထိရောက်စွာ အရေးယူရန်လည်း မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

သို့သော် စစ်ကော်မရှင်၏ လွဲမှားသော ကန့်သတ်ပိတ်ပင်မှုများကြောင့် ပြည်တွင်း၌ စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များ ပြတ်လပ်ကာ မှောင်ခိုဈေးကွက် ပိုမိုကြီးထွားလာရခြင်းဖြစ်ပြီး၊ အုပ်ချုပ်ရေးယန္တရား ပျက်ပြားနေချိန်တွင် မှောင်ခိုဖမ်းဆီးရေး အမိန့်များသည် အကျင့်ပျက်ခြစားမှုကိုသာ ပိုမိုဆိုးရွားစေမည် ဖြစ်သည်။

လျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် စက်သုံးဆီအသုံးပြုမှု လျှော့ချပြီး ကျောက်မီးသွေး၊ ဆိုလာနှင့် အခြားအစားထိုးစွမ်းအင်များကို ပြောင်းလဲအသုံးပြုရန် မင်းအောင်လှိုင် လမ်းညွှန်ချက်မှာလည်း လက်ရှိ ဘဏ္ဍာရေးအကျပ်အတည်းနှင့် ကိုက်ညီမှုမရှိကြောင်း စီးပွားရေးပညာရှင်များက ထောက်ပြသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ ထွက်ခွာသွားကြပြီး ပြည်တွင်း၌ နေ့စဉ် မီးပျက်နေသည့် အခြေအနေတွင် စီမံကိန်းအသစ်များ အကောင်အထည်ဖော်ရန် ဘတ်ဂျက်နှင့် နည်းပညာ မရှိနိုင်ကြောင်း စီးပွားရေးပညာရှင်များက ဆိုသည်။