ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်၊၉ထပ်ကြီးဘုရားဝန်းကျင်ရှိ ဘုန်းကြီးကျောင်းများထဲသို့ စစ်တပ်က ဧည့်စာရင်းဝင်စစ်ကာ လူငယ်များကို ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
ဇွန်လအတွင်း ၉ထပ်ကြီးဘုရားဝန်းကျင်ရှိ ဘုန်းကြီးကျောင်းများကို စစ်တပ်က ဧည့်စာရင်းအ ကြောင်းပြချက်ဖြင့် ဝင်ရောက်စစ်ဆေးကာ လူငယ်၉ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်ဟု Rangoon Scout Network -RSN က ဆိုသည်။
“၉ ထပ်ကြီးဘက်က ဘုန်းကြီးကျောင်းတွေထဲ ဝင်စစ်ပြီး လူငယ်ပိုင်းတွေကို ခေါ်သွားတာပါ။ နောက် ဆက်တွဲတော့ မသိရပါဘူး။ လူနေရပ်ကွက်တွေထဲ ဧည့်ဝင်စစ်တာတွေလည်း ရှိခဲ့ပါတယ်။ အဖမ်း အဆီးတော့ မသိထားသေးပါဘူးဗျ”ဟု RSN တာဝန်ရှိသူက MPAသို့ ပြောသည်။
စမ်းချောင်းဘုန်းကြီးကျောင်းများအတွင်း သာမန်လူများ အဝင်အထွက်အခြေအနေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးနှင့်လက်ပါးစေတို့က စောင့်ကြည့်မှုများရှိပြီး ယခုဇူလိုင်လအတွင်း ၉ထပ်ကြီးဘုရား နှင့်မျက်နှာချင်းဆိုင် ဘုန်းကြီးကျောင်းအချို့ကို တစ်ကြိမ် ဝင်ရောက်စစ်ဆေးသည်ဟု သိရကြောင်း စမ်းချောင်းမြို့နယ်၊ဗဟိုလမ်းအနီးနေ ပြည်သူတစ်ဦးက ဆိုသည်။
“ဘုန်းကြီးကျောင်းအဝင်အထွက် စောင့်ကြည့်တယ်ဆိုတာက ဟိုလို အမြဲတမ်းတော့ မဟုတ်ဘူး။ ဖြတ်သွားဖြတ်လာ ကြည့်တဲ့သဘော။အုပ်ကြီးအောက်ဆွဲတွေကလည်း ပိုက်ဆံမရတဲ့ကိစ္စမျိုး ဘာမှ လုပ်ချင်တာမဟုတ်ဘူး။ဒီကိစ္စ ရာအိမ်မှူးတွေဆီက သိရတာ။ဒီလထဲ ဝင်စစ်တာက လူဖမ်းတယ်လို့ မကြားမိဘူး”ဟု ၎င်းက ပြောသည်။
စမ်းချောင်းမြို့နယ်နေ အိမ်ရှင်မတစ်ဦးက စမ်းချောင်းမြို့နယ်အတွင်းရှိ ဗဟိုလမ်းအနီး ရပ်ကွက်များ ၌ ဧည့်စာရင်းဝင်စစ်ကာ စစ်မှုထမ်းအကျုံးဝင်လူငယ်အချို့ကို ဖမ်းဆီးသွားမှုများရှိကြောင်း ပြောကြား ခဲ့သော်လည်း MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
“အတိအကျ သိတာမျိုးတော့ မဟုတ်ဘူး။ကြားရတဲ့သတင်းပါ။ကျမတို့ ရန်ကုန်က လူလတ်တန်းစား တွေတောင် နပ်မှန်အောင် စားနိုင်ဖို့ မနည်းရုန်းကန်နေရတဲ့အချိန်မှာ အဲဒီစစ်မှုထမ်းကိစ္စပါ ထပ် ကြောက်နေရတာ လူငယ်တွေရှိတဲ့အိမ်တွေက ပိုစိတ်ဆင်းရဲနေရတယ်”ဟု ၎င်းက MPAသို့ပြော သည်။
စမ်းချောင်းရပ်ကွက်များအတွင်း ဧည့်စစ်လူဖမ်းသတင်းနှင့် ပတ်သက်ပြီး စမ်းချောင်းပင်မသပိတ် စစ်ကြောင်းထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဟုတ်မှန်ကြောင်း ဆိုသော်လည်း အသေးစိတ်ကိုမူ ပြန် လည်ဖြေကြားခြင်း မရှိပေ။
စမ်းချောင်းမြို့နယ်အတွင်း စစ်မှုထမ်းအကျုံးဝင်လူငယ်ရှိသော မိသားစုများသည် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ စစ်မှုထမ်းကြေးအဖြစ် တစ်လလျှင် ကျပ်တစ်သိန်းပေးနေရပြီး အဆင်မပြေကြောင်း မေတ္တာရပ်ခံသူအချို့မှာ ကျပ်၅သောင်းပေးရကြောင်း စမ်းချောင်းမြို့နယ်နေ အိမ်ရှင်မက ဆိုသည်။
