CCTV သက်သေရှိသော်လည်း ရွှေပြည်သာတရားရုံးက တရုတ်နိုင်ငံသားအပေါ် စွဲဆိုသည့်အမှုကို ပယ်ဖျက်မှုကြောင့် အလုပ်သမားထု မကျေနပ်

ဓာတ်ပုံ - လူမှုကွန်ရက်
အမှုဖြစ်နေသည့် တရုတ်နိုင်ငံသားပိုင် True Green City စက်ရုံကို တွေ့မြင်ရစဉ်

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ True Green City အထည်ချုပ်စက်ရုံတွင် ဖြစ်ပွားခဲ့သည့် တရုတ်နိုင်ငံသား စက်ပြင်ဝန်ထမ်းတစ်ဦးက မြန်မာအမျိုးသမီး အလုပ်သမားသမဂ္ဂအတွင်းရေးမှူးအား ကိုယ်ထိလက်ရောက် ရိုက်နှက်မှုအမှုကို မြို့နယ်တရားရုံးက ပယ်ဖျက် (ပလပ်) လိုက်သည့်အတွက် အလုပ်သမားထုနှင့် နစ်နာသူများအကြား တရားဥပဒေစိုးမိုးရေးအပေါ် မကျေနပ်မှုများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့တွင် ပြုလုပ်သည့် (၁၃) ကြိမ်မြောက် ရုံးချိန်း၌ ရွှေပြည်သာမြို့နယ် တရားသူကြီးက အဆိုပါအမှုကို တရားစွဲဆိုရန် မသင့်တော်ဟုဆိုကာ အမှုတွဲကို ပယ်ဖျက်ကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး စက်ရုံအတွင်း အလုပ်လုပ်ကိုင်နေစဉ် တရုတ်နိုင်ငံသား စက်ပြင်ဝန်ထမ်း ‘ကျဲကျဲ’ ဆိုသူက အလုပ်သမားသမဂ္ဂအတွင်းရေးမှူး အမျိုးသမီး၏ နောက်ကျောကို မာကျောသည့် အရာဝတ္ထုဖြင့် ရိုက်နှက်ခဲ့သည့်အပြင် ဆောင့်တွန်းသဖြင့် လဲကျသွားချိန်တွင်လည်း ပလပ်စတစ်အိတ်ဖြင့် ထပ်မံရိုက်နှက်ခဲ့ကြောင်း သိရသည်။

ယင်းကျူးလွန်မှုကို နစ်နာသူဘက်က ရာဇသတ်ကြီးပုဒ်မ ၃၂၃ (နာကျင်စေမှု) ဖြင့် မတ်လအတွင်း စတင် တရားစွဲဆိုခဲ့သည်။

ဥပဒေရေးရာ ကူညီပေးနေသူများ၏ ပြောကြားချက်အရ အမှုတွင် ကျူးလွန်မှုအတိအကျကို ပြသနေသည့် စီစီတီဗွီ (CCTV) မှတ်တမ်းသက်သေနှင့် အလုပ်ခန့်ထားမှု သဘောတူညီချက် (EC စာချုပ်) ချိုးဖောက်မှု သက်သေများ ရှိနေသော်လည်း တရားရုံးက အဆိုပါမှတ်တမ်းကို သေသေချာချာ ကြည့်ရှုသုံးသပ်ခြင်းမရှိဘဲ အလျင်စလို ပယ်ချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် အမှုစစ်ဆေးသည့် ကာလအတွင်း တရားလိုဘက်က အလုပ်သမားသက်သေ ၃ ဦး တင်ပြခဲ့သော်လည်း သက်သေအချို့ ပယ်ချခံရခြင်း၊ ကျန်ရှိသည့် အလုပ်သမားသက်သေများမှာလည်း ရုံးချိန်းရက်များတွင် အကြောင်းအမျိုးမျိုးပြကာ လာရောက်ခြင်းမရှိတော့ဘဲ နောက်ပိုင်းတွင် စက်ရုံမှ အလုပ်ထွက်သွားကြခြင်းတို့ကြောင့် လက်တွေ့တွင် သက်သေ ၁ ဦးသာ ထွက်ဆိုနိုင်ခဲ့ကြောင်း သိရသည်။

“နိုင်ငံခြားသားတစ်ဦးက ကိုယ့်နိုင်ငံသားအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်တာကို အလုပ်သမားဝန်ကြီးဌာနက မသိကျိုးကျွံပြုထားသလို ဖြစ်နေတယ်။ အလုပ်သမားတွေက ကြောက်ပြီး သက်သေမလာရဲကြတာ” ဟု အလုပ်သမားအရေး ဆောင်ရွက်သူတစ်ဦးက ထောက်ပြပြောဆိုသည်။

လက်ရှိတွင် အောက်ခြေအလုပ်သမားများ၏ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အာမခံချက် ပျောက်ဆုံးနေသည်ဟုဆိုကာ နစ်နာသူအလုပ်သမားများနှင့် အလုပ်သမားရေးဆောင်ရွက်သူများက တရားမျှတမှုရရှိရန် အထက်တရားရုံးသို့ အယူခံနှင့် ပြင်ဆင်မှုများ ဆက်လက်တက်ရောက်ကာ ဥပဒေကြောင်းအရ ဆက်လက်ရင်ဆိုင်သွားမည်ဖြစ်ကြောင်း သိရသည်။