၁၂လရာသီ ပေါ်တာဆွဲနေသော ကျောက်ပန်းတောင်းမြို့တွင် စစ်မှုထမ်းဆက်ကြေးလည်း ကောက် ပြန်

ဓာတ်ပုံ-ကျောက်ပန်းတောင်းဟစ်တိုင်(အစစ်အမှန်)၊လူမှုကွန်ရက်

၁၂လရာသီ ပေါ်တာဆွဲနေသော ကျောက်ပန်းတောင်းမြို့တွင် စစ်မှုထမ်းဆက်ကြေးလည်း ကောက်ခံ ပြန်ကြောင်း သိရသည်။

ဇူလိုင်လဆန်းမှစတင်ကာ ကျောက်ပန်းတောင်းမြို့၊မြို့မရပ်ကွက်၊ လွတ်လပ်ရေး၊သာယာအေးနှင့် တမ္ပဝတီရပ်ကွက်တို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က စစ်မှုထမ်းအကျုံးဝင်လူငယ်ရှိသော အိမ်များကို တစ်အိမ်လျှင် ကျပ်၃သောင်းဝန်းကျင်နှင့် အကျုံးဝင်လူငယ်မရှိသော အိမ်အချို့အား တစ်သောင်းဝန်းကျင် ကောက်ခံကြောင်း ကျောက်ပန်းတောင်းမြို့ အုပ်ချုပ်ရေးအသိုင်းအဝိုင်းထံက သိရ သည်။

“ကျောက်ပန်းတောင်းမှာ ရပ်ကွက်၁၂ခုရှိတယ်။အခုကတော့ ၅ခုလောက်မှာ ဒီလမှ စကောက်တာ။ တချို့အိမ်ဆို လူငယ်မရှိပေမဲ့ ပိုက်ဆံတောင်းတယ်။အုပ်ကြီးတွေက ရုပ်ကြည့်ပြီး ရလောက်တဲ့အိမ် မျိုးကို အတည်ပေါက်ကောက်တဲ့သဘောလို့ ထင်တယ်”ဟု ကျောက်ပန်းတောင်းမြို့ အုပ်ချုပ်ရေး ဝန် ထမ်းတစ်ဦးက MPAသို့ပြောသည်။

အုပ်ချုပ်ရေးမှူးအချို့က စစ်မှုထမ်းဆက်ကြေး ပေးထားသူများကို အိမ်ထဲအထိ ဝင်မဖမ်းဟု အာမခံ ထားကြောင်း သိရသည်။

“တချို့ အုပ်ကြီးတွေကျတော့ ပေါ်တာဆွဲခံရရင်လည်း ပိုက်ဆံပေးထားရင် ပြန်ရွေးပေးမယ်ဆိုပြီး တောင် လျှောက်ပြောနေတယ်။ပေါ်တာကတော့ မြို့ပေါ်မှာ စစ်မှုထမ်းလိုရင်လိုသလို ဆွဲနေတာ နှစ် ပေါက်နေပြီ”ဟု ၎င်းက ဆက်လက်ပြောသည်။

ကျောက်ပန်းတောင်းမြို့၊သာယာအေးရပ်ကွက်အတွင်းရှိ အလုပ်သမားများ အသွားအလာများသည့် အနောက်မြို့ပတ်လမ်းနှင့် မြေနီလမ်းတို့တွင် ပေါ်တာအဆွဲများပြီး ဖမ်းဆီးမိသူများကို ကျောက်ပန်း တောင်းမြို့နယ်ထွေအုပ်ရုံး၌ တစ်ညထားကာ နောက်တစ်ရက်၌ ကျောက်ပန်းတောင်းအမြောက်တပ် သို့ ပို့ဆောင်ကြောင်း သိရသည်။

“အရင်က ဟိုက်ဂျက်နဲ့ ပေါ်တာဆွဲတယ်။အခု ဆလွန်းကားနဲ့ ဆွဲတယ်။ပျူစောထီးတွေ ဆွဲတာ။ အလုပ်သွား အလုပ်ပြန် အချိန် အဓိကပေါ့။နေ့ခင်းလည်း ဆွဲတဲ့အခါ ဆွဲတယ်။အိမ်စီးကားတွေကို မဆွဲဘူး။ဆိုင်ကယ်၊စက်ဘီး၊ခြေလျင် တွေကိုပဲ ဆွဲတယ်”ဟု ၎င်းက ပြောသည်။

ဇူလိုင်၇ရက်၊ညနေ ၆နာရီခွဲခန့်ကလည်း သာယာအေးရပ်ကွက်၊ မြို့ရှောင်လမ်းအတိုင်း မြောက်မှ တောင်သို့ မောင်းလာပြီး တမ္ပဝတီရပ်ကွက်၊ဈေးသစ်ဘက်သို့ ချိုးဝင်သွားသည့် ပေါ်တာဆွဲသော ကားပေါ်တွင် လူ၇ဦး ပါသွားကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့ပေါ်တွင် ပေါ်တာအဆွဲကြမ်းသဖြင့် ညဦးပိုင်း၌ အပြင်ထွက်သူ မရှိသ လောက် နည်းကြောင်း သိရသည်။

ပေါ်တာအဆွဲခံရသူများကို ကျပ်သိန်း၂၀၀ကျော်အထိပေးမှ ပြန်လွှတ်ပေးကြောင်း သတင်းထွက်ပေါ် နေသော်လည်း လူငယ်များဆိုပါက ငွေပေးလည်း ပြန်ရွေး၍ မရကြောင်း သိရသည်။