စစ်ဘေးဒဏ်ကြောင့် စီးပွားရေးပြိုလဲနေသည့် စစ်ကိုင်းလုပ်ငန်းရှင်များထံမှ ကိုဗစ်ချေးငွေ ကျပ်သန်း ၆,၀၀၀ ကျော်ကို အတင်း လိုက်တောင်းနေ

By MPA

ကိုဗစ်ကပ်ရောဂါကာလအတွင်း အခြေခံစီးပွားရေးလုပ်ငန်းများ မပြိုလဲစေရန် ရည်ရွယ်၍ ယခင် NLD အရပ်သားအစိုးရလက်ထက်က ထုတ်ချေးခဲ့သည့် ကိုဗစ်-၁၉ ကုစားရေးရန်ပုံငွေများကို စစ်အုပ်စုက စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးဒဏ်ခံ အောက်ခြေလုပ်ငန်းရှင်များထံမှ အရင်းအပြင် အတိုးပါ ချက်ချင်းပြန်လည်ပေးဆပ်ရန် အသည်းအသန် ဖိအားပေး အကျပ်ကိုင် တောင်းခံလျက်ရှိကြောင်း သိရသည်။

စစ်အုပ်စု၏ တိုင်းအစိုးရ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းအတွင်းရှိ ကုမ္ပဏီနှင့် လုပ်ငန်းပေါင်း ၇၀၅ ခုသို့ ကျပ်သန်းပေါင်း ၁၂,၀၀၀ ကျော် ထုတ်ချေးခဲ့ရာတွင် လက်ရှိအချိန်အထိ လုပ်ငန်းပေါင်း ၃၉၀ က အရင်းနှင့် အတိုး ကျပ်သန်းပေါင်း ၆,၀၈၀ ကျော် ပေးဆပ်ရန် ကျန်ရှိနေသေးသဖြင့် ယင်းငွေများကို အမြန်ဆုံးပြန်ဆပ်ရန် သတိပေး နှိုးဆော်ထားခြင်း ဖြစ်သည်။

အဆိုပါ ချေးငွေပြန်လည်ပေးဆပ်ရန် ကျန်ရှိနေသည့် ဒေသများတွင် မုံရွာ၊ ရွှေဘို၊ ဝက်လက်၊ အရာတော်၊ ခင်ဦး၊ ကန့်ဘလူ၊ ဒီပဲယင်း၊ ကောလင်း၊ ထီးချိုင့်၊ ကလေး နှင့် တမူး အစရှိသည့် တိုက်ပွဲပြင်းထန်ရာ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်ပေါင်းများစွာ ပါဝင်နေပြီး လုပ်ငန်းများမှာ ဆီစက်၊ ဆန်စက်၊ ပဲခွဲစက်၊ စားသောက်ဆိုင်၊ ပရိဘောဂလုပ်ငန်းနှင့် အခြေခံအငြိမ့်သဘင်အဖွဲ့များ ကဲ့သို့သော လူထုအခြေပြု အသေးစား၊ အလတ်စား စီးပွားရေးသမားများ ဖြစ်ကြသည်။

“ချေးငွေက ဟုတ်တယ်။ ချေးတဲ့လူတွေတောင် အများစု မရှိကြတော့ဘူး” ဟု မြေပြင်အခြေအနေကို မုံရွာမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လက်တွေ့မြေပြင်တွင် စစ်ကိုင်းတိုင်းသည် စစ်အုပ်စု၏ စစ်ဆင်ရေးစစ်မီးများ၊ လမ်းကြောင်းပိတ်ဆို့မှုများနှင့် စက်သုံးဆီပြတ်လပ်မှု ဒဏ်များကြောင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တစ်ခုလုံး နာလန်မထထိုင်နိုင်အောင် ပြိုလဲပျက်စီးနေရသည့် ဒေသဖြစ်သည်။

အမည်မဖော်လိုသည့် လုပ်ငန်းရှင်တစ်ဦးကလည်း စားစရာပင်မရှိတော့သည့် အခြေအနေတွင် တရားမဝင်အစိုးရအနေဖြင့် ဖြည်းဖြည်းချင်းဆပ်သည်ကို လက်ခံပေးသင့်ကြောင်း ဆိုသည်။

ဒေသခံများ၏ အဆိုအရ လုပ်ငန်းအနည်းငယ်ကျန်ရှိသူများက ပြန်လည်ပေးဆပ်နေကြသော်လည်း လုံးဝမလှုပ်ရှားနိုင်တော့သည့် လုပ်ငန်းရှင်များမှာမူ မဆပ်နိုင်ကြတော့ကြောင်း၊ အချို့မိသားစုများတွင် အိမ်ထောင်ဦးစီး သေဆုံးသွားသဖြင့် ဒုက္ခရောက်နေရပြီး အကယ်၍ မဆပ်နိုင်သဖြင့် ထောင်ချခံရလျှင်လည်း ခံရတော့မည်ဟု ငိုပြောနေရသည့်အထိ အခြေအနေ ဆိုးရွားနေကြောင်း သိရသည်။

စီးပွားရေးလေ့လာသူများနှင့် ဒေသခံများကမူ စစ်ကိုင်းတိုင်းအတွင်း သေလုမြောပါး ဖြစ်နေသည့် ပြည်သူများထံမှ ယခင်အစိုးရလက်ထက်က ချေးငွေများကို အတင်းအဓမ္မ ဖိအားပေး ပြန်တောင်းနေခြင်းသည် စစ်အုပ်စုရင်ဆိုင်နေရသည့် ဘဏ္ဍာရေးအကျပ်အတည်း မည်မျှဆိုးရွားနေသည်ကို ပြသနေသလို၊ ပြည်သူလူထုအပေါ် ကရုဏာကင်းမဲ့စွာ ငွေညှစ်နေခြင်းသာ ဖြစ်ကြောင်း ဝေဖန်ထောက်ပြလျက် ရှိကြသည်။