ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့နှင့် ဟွေဟင်ဖုန် (Huay Hin Fon) ပူးပေါင်းစစ်ဆေးရေးဂိတ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အခြားသူများ၏ နိုင်ငံကူးလက်မှတ် (Passport) များကို အသုံးပြု၍ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် မြန်မာနိုင်ငံသား လေးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တာ့ခ်လဝကက ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၇ ရက်နေ့ ည ၉ နာရီဝန်းကျင်တွင် ထိုင်းအာဏာပိုင်များက ဟွေဟင်ဖုန်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ရှာဖွေစစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်နေစဉ် သံသယဖြစ်ဖွယ် တွေ့ရှိရသူများကို စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ယနေ့ ဇူလိုင် ၈ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသို့ စစ်ဆေးရာတွင် ၎င်းတို့ထံ၌ ကိုယ်ပိုင်နိုင်ငံကူးလက်မှတ်များ တစ်စုံတစ်ရာ မရှိဘဲ၊ အခြားသူ အမည်ပေါက်ထားသည့် မြန်မာနိုင်ငံကူးလက်မှတ် ၄ အုပ်ကို ပြသကာ စစ်ဆေးရေးအရာရှိများကို လှည့်ဖြား၍ မဲဆောက်မြို့အတွင်းသို့ လူစားလဲဝင်ရောက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသား အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၄ ဦး ပါဝင်သည်ဟု သိရသည်။
လက်ရှိတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသား ၄ ဦးကို အခြားသူ သို့မဟုတ် ပြည်သူလူထုအား နစ်နာဆုံးရှုံးမှု ဖြစ်စေနိုင်သည့် နည်းလမ်းဖြင့် သူတစ်ပါး၏ နိုင်ငံကူးလက်မှတ်ကို မမှန်မကန် သုံးစွဲမှု၊ နိုင်ငံခြားသားတစ်ဦးအနေဖြင့် ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာပြီး နေထိုင်မှုတို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ဖမ်းဆီးစစ်ဆေးစဉ်ကာလအတွင်း ပြစ်မှုကျူးလွန်သူ မြန်မာနိုင်ငံသားများက ၎င်းတို့၏ ပြစ်မှုများကို ထွက်ဆိုဝန်ခံခဲ့ကြသဖြင့် ဖမ်းဆီးရမိသည့် အထောက်အထားများနှင့်အတူ ဥပဒေကြောင်းအရ ဆက်လက်အရေးယူနိုင်ရန် မဲဆောက်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားကြောင်း သိရသည်။
နယ်စပ်လုံခြုံရေးအဖွဲ့များနှင့် ရဲတပ်ဖွဲ့သည် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို တားဆီးရန်အတွက် ခရီးသွားလာခွင့် အထောက်အထားများနှင့် လူပုဂ္ဂိုလ်ဆိုင်ရာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံချက် (Identity) များကို ၂၄ နာရီပတ်လုံး ပိုမိုတင်းကျပ်စွာ စစ်ဆေးလျက်ရှိကြောင်းနှင့် ပြည်သူများအနေဖြင့် တရားမဝင် လမ်းကြောင်းများမှ ဝင်ရောက်မှု သို့မဟုတ် စာရွက်စာတမ်းအတု ပြုလုပ်ကိုင်ဆောင်မှုများ တွေ့ရှိပါက လူဝင်မှုကြီးကြပ်ရေးဌာနသို့ အမြန်ဆုံး အကြောင်းကြားနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။
