လှိုင်တက္ကသိုလ် နယ်မြေဝန်းအတွင်း ကျောင်းသူများကို အဓမ္မပြုကျင့်ရန် ကြိုးစားမှုနှင့် မဖွယ်မရာပြုလုပ်ပြနေသူကို ဖမ်းဆီးမှုမရှိသေး

ဓာတ်ပုံ-လူမှုကွန်ရက်

ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ကျောင်းဝန်းအနီးတွင် သွားလာနေသည့် ကျောင်းသူများကို ပစ်မှတ်ထားကာ ကားဖြင့် ခေါ်ဆောင်၍ အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှုနှင့် ကားအတွင်း မဖွယ်မရာပြုလုပ်ကာ နှောင့်ယှက်မှုများ ဇူလိုင်လ ၄ ရက်နေ့မှစ၍ ဆက်တိုက်ဖြစ်ပွားနေကြောင်း ကျောင်းသားကျောင်းသူများထံမှ သိရသည်။

ဇူလိုင်လ ၄ ရက် နေ့လယ်ပိုင်းက လှိုင်တက္ကသိုလ်နယ်မြေ ကေတုမတီဆောင်နှင့် ရွှေဟင်္သာလမ်းကြား (ကျောင်းကွေ့ဘက်သွားသည့် အဆောင်လမ်း)တွင် ဂျပန်စာမေးပွဲဖြေဆိုပြီး ပြန်လာသည့် ကျောင်းသူတစ်ဦးကို ကားနံပါတ် ****** (ခဲရောင်) မောင်းနှင်သူက ကားပေါ်သို့ အတင်းအဓမ္မခေါ်တင်ကာ ပြုကျင့်ရန် ကြိုးပမ်းခဲ့သည်။

အဆိုပါကျောင်းသူမှာ ကားအတွင်းမှ ရုန်းကန်၍ အော်ဟစ်အကူအညီတောင်းခံခဲ့သဖြင့် အနီးနားရှိ လမ်းသွားလမ်းလာအမျိုးသားတစ်ဦး ရောက်ရှိလာချိန်တွင် ကားမောင်းသူမှာ ဖြစ်စဉ်နေရာမှ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

ထို့အပြင် ဇူလိုင်လ ၅ ရက်နှင့် ၆ ရက် နေ့လယ်ပိုင်းများအထိ အဆိုပါ ခဲရောင်ကားသည် လှိုင်နယ်မြေအတွင်းရှိ နှင်းဆီဆောင်၊ ဆရာမများဆောင်နှင့် YU လိုင်းနယ်မြေ နောက်လမ်းကြားများတွင် ဆက်လက်လှည့်လည်နေပြီး၊ တစ်ဦးတည်း သွားလာနေသည့် ကျောင်းသူများကို ကြည့်ကာ ကားအတွင်းမှနေ၍ မဖွယ်မရာပြုလုပ် (Masturbate) နှောင့်ယှက်မှုများ လုပ်ဆောင်နေကြောင်း မျက်မြင်တွေ့ရှိသူများက ဓာတ်ပုံမှတ်တမ်းများနှင့်တကွ သတိပေးထားကြသည်။

လက်ရှိအချိန်အထိ အဆိုပါယာဉ်နှင့် တရားခံအား လှိုင်နယ်မြေတာဝန်ရှိသူများနှင့် ကညနတို့ဘက်က ပူးပေါင်းဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးသဖြင့် ကျောင်းသားကျောင်းသူများကပဲ အချင်းချင်းအသိပေး စောင့်ကြည့်နေရသည့် အခြေအနေဖြစ်ကာ လုံခြုံရေးအတွက် ပြင်းထန်စွာ ဝေဖန်နေကြသည်။

ထို့ကြောင့် လှိုင်နယ်မြေအတွင်း သွားလာနေကြသည့် ကျောင်းသူ၊ ကျောင်းသားများနှင့် ဆရာမများအနေဖြင့် နံနက် ၉ နာရီမှ ည ၁၀ နာရီအတွင်း သွားလာရာတွင် တစ်ဦးတည်းမသွားဘဲ အဖွဲ့လိုက် သွားလာကြရန်နှင့် အထူးသတိပြု သွားလာကြပါရန် ကျောင်းသားလူထုအသိုင်းအဝိုင်းက အရေးပေါ်သတိပေးနှိုးဆော်ထားသည်။