အများပြည်သူပိုင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖျက်ဆီးသူများကို ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖျက်ဆီးရန် ညွှန်ကြားသူများနှင့် ပူးပေါင်းပါဝင်သူများသည် အများ ပြည်သူပိုင်ပစ္စည်းများကိုဖျက်ဆီးခြင်း၊ မြန်မာနိုင်ငံ၏အမျိုးသားရေးသွင်ပြင်လက္ခဏာ၊ မြန်မာ့သမိုင်း ၏ သင်္ကေတ၊ အထောက်အထားများနှင့် ပြည်ထောင်စုစိတ်ဓာတ်ကို ဖျက်ဆီးနေခြင်းဖြစ်ကြောင်း NLD ပါတီ၊ဗဟိုအလုပ်ကော်မတီက ယနေ့(ဇူလိုင်၈ရက်)ထုတ်ပြန်သည်။
“မင်းအောင်လှိုင်ရဲ့ အငုံစိတ်နဲ့ အကြောက်တရားကြောင့် ရုပ်တုလိုက်ဖျက်ဆီးနေတာ အင်မတန် ရွံရှာဖွယ်ကောင်းတဲ့ လုပ်ရပ်ပါ။NLDရဲ့ အခု ထုတ်ပြန်ချက်ကိုလည်း ကြိုဆိုပါတယ်။ဒါပေမဲ့၊ အ မေရိကန်ကနေ ကြေညာချက်ထုတ်ပြီး လက်ခမောင်းခတ်ပြနေလို့တော့ မရဘူး”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။
စစ်တပ်၊ ရဲနှင့် စည်ပင်ဝန်ထမ်းတို့သည် ညအမှောင်ကို အကာအကွယ်ယူ၍ ဗိုလ် ချုပ်အောင်ဆန်း ကြေးရုပ်များကို နေရာဒေသအနှံ့အပြားတွင် ဖြိုချဖျက်ဆီးနေခြင်းအပေါ် NLDပါတီက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းလည်း ထုတ်ပြန်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် ဗိုလ်ချုပ်အောင်ဆန်း၏ဂုဏ်ဒြပ်များကို အလေးဂရုပြု တန်ဖိုး ထားသောအားဖြင့် ပြည် သူလူထု၏ဆန္ဒနှင့်အညီ၊ ပြည်သူလူထုတစ်ဦးချင်းစီ၏ ကိုယ်ပိုင်ထည့်ဝင်ငွေ များဖြင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု တည်ဆောက်ရေးလုပ်ငန်းများကို ဥပဒေပါ စည်းမျဉ်းစည်းကမ်း လုပ်ထုံး လုပ်နည်းများနှင့်အညီ ပူးပေါင်းပါဝင်ခဲ့ကြောင်းလည်း ထုတ်ပြန်သည်။
လက်ရှိတွင် နိုင်ငံတစ်ဝန်းရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ၁၅ခုထက်မနည်းကို အစိုးရတုက ဖျက်ဆီး ခဲ့ပြီးဖြစ်သည်။
