ဖားကန့်တွင် KIA ရဲဘော်နှစ်ဦး မူးပြီး ရန်ရှာကာ အရပ်သားနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်၊ KIA ရဲဘော်တစ်ဦး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဟုဆို

ဓာတ်ပုံ - EPA

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဝှေလုံကျေးရွာတွင် ဇူလိုင် ၆ ရက် ညပိုင်း၌ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲဘော်နှစ်ဦးက ပစ်ခတ်သတ်ဖြတ်၍ အရပ်သားနှစ်ဦးသေဆုံးခဲ့ကြောင်း မိသားစုဝင်နှင့် ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၆ ရက် ညပိုင်းတွင် ဖားကန့်နယ်မြေ၊ ဝှေခါ- အင်းတော်ကြီးကြားရှိ ညောင်ထောက်ဂိတ်က KIA ရဲဘော်နှစ်ဦး ဝှေလုံရွာရှိ အရက်ဆိုင်တွင် အရက်သောက်နေခဲ့ချိန် ည ၁၂ နာရီခန့်တွင် ဆိုင်ကယ်မောင်းလာသူ လူငယ်တစ်ဦးကို တားဆီးစစ်ဆေးပြီး ‘ယာမရှူလာတာလား’ ဟုပြောပြီး ရိုက်နှက်ခဲ့ကြောင်း ဖြစ်စဉ်သိရှိထားသူတစ်ဦးက ပြောသည်။

“ငါးမိနစ်တောင်မကြားဘူး။ အဲဒီလူငယ်ကို ပြန်ခေါ်ပေးဆိုလို့ ပြန်ခေါ်ပေးတော့ ဆိုင်ထဲမှာလည်း ထပ်ရိုက်ကြတယ်။ အဲဒီမှာ ဥက္ကဋ္ဌက အဲဒီလိုမလုပ်ဖို့ လာတားတယ်။ ပြီးတော့ ၁၂ နာရီလည်း ကျော်နေပြီဆိုတော့ ဂိတ်ကိုပြန်ကြဖို့ တောင်းဆိုတယ်။ ဒါပေမဲ့ သူတို့က မပြန်ဘဲ ပြဿနာထပ်ရှာတယ်” ဟု ၎င်းက ဆိုသည်။

ထို့နောက် လာရောက်ဟန့်တားသည့် KIO ခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ကိုအိုက်နှောင်းကို KIA ရဲဘော်နှစ်ဦးက မိုက်ကြေးခွဲစိန်ခေါ်သည့်စကားများဆိုခဲ့သည်ဟု ဆိုသည်။

“မင်းတို့ အုပ်ကြီးတွေက ဘာအဆင့်ရှိလို့လဲ။ မင်းတို့ကို ပစ်သတ်လိုက်လို့ရတယ်ဆိုပြီးတော့ပြောတယ်” ဟု ဝှေလုံရွာခံတစ်ဦးက ပြောသည်။

ထို့နောက် ရပ်မိရပ်ဖတစ်ဦးဖြစ်သည့် အသက် ၇၁ နှစ်အရွယ်ရှိ ဦးမြင့်မောင်ကို လက်သီးဖြင့် ထိုးခဲ့သည်ကို ဒေါ်ချိုချိုဦးနှင့် အုပ်ချုပ်ရေးမှူး ကိုအိုက်နှောင်းတို့က ဝင်ရောက်တားဆီးခဲ့သော်လည်း တားဆီးမရ၍ ညောင်ထောက်ဂိတ်က KIA အရာရှိများထံ အကြောင်းကြားရန် ပြင်ဆင်ချိန်တွင် KIA ရဲဘော်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘေးဆိုင်က လင်မယားနှစ်ယောက်က KIA အရာရှိတွေကို သွားတိုင်ဖို့လုပ်တဲ့အချိန်မှာ ပစ်တော့တာပဲ။ အဲဒီအချိန်မှာ ကောင်မလေးတစ်ယောက်လည်း လက်ကိုရှပ်ထိတယ်။ ဉီးမြင့်မောင်လည်း နှစ်ချက်ရှပ်ထိတယ်။ ကံကောင်းပြီး မထိတဲ့သူတွေလည်း မထိဘူး။ ဒေါ်ချိုချိုဦးနဲ့ ကိုအိုက်နှောင်းတို့ကတော့ ထိသွားတယ်။ ဒေါ်ချိုချိုဦးက နေရာတင်ဆုံးတယ်။ ကိုအိုက်နှောင်းက ဆေးရုံရောက်ပြီး နောက်နေ့မနက်မှဆုံးတာ” ဟု ဖြစ်စဉ်သိရှိထားသူက MPA သို့ ပြောသည်။

ထိုသို့ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် မိနစ် ၂၀ ခန့်အကြာတွင် KIA ရဲဘော်တစ်ဦး သေဆုံးနေသည်ကို တွေ့ရပြီးနောက် ဖြစ်စဉ်ငြိမ်သက်သွားကြောင်း သိရသည်။

“အမေထိသွားမှန်းတော့သိတယ်။ အဲဒီအချိန်တုန်းက သွားဆွဲလို့ကလည်းမရဘူး။ သူတို့က သေနတ်နဲ့စောင့်နေတာဆိုတော့ ကျမတို့ကလည်း ပုန်းနေကြရတာ။ မိနစ် ၂၀ လောက်ကြာတဲ့အခါကျမှ သူ့ဟာနဲ့သူ အဆုံးစီရင်သွားတယ်” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

သို့သော် KIA ရဲဘော်အဆုံးစီရင်သွားခြင်းနှင့်ပတ်သက်၍ မျက်မြင်တွေ့ရှိခဲ့ခြင်းမျိုးမဟုတ်ဘဲ ၎င်းတို့ပုန်းအောင်းနေချိန်တွင် သေနတ်သံများဆက်လက်ကြားသိခဲ့ရပြီးနောက် KIA ရဲဘော်တစ်ဦးလဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျမတို့က ကောင်းကောင်းမွန်မွန်တောင်းတောင်းပန်ပန်နဲ့ အချိန်မတော်ဘူး။ ၁၂ နာရီခွဲနေပြီမို့ ဂိတ်ကို ပြန်ဖို့ ပြောတာကို သူတို့က လက်မခံဘူး။ သောက်စားမူးရူးပြီးတော့မှ ကျည် ၁၂ တောင့်၊ ၁၃ တောင့်လောက်တော့ရှိမယ်၊ ဖောက်လိုက်တာ၊ အမေမှာ နှစ်ချက်၊ ကိုကိုမှာ နှစ်ချက်၊ ဦးမြင့်မောင်မှာ နှစ်ချက်၊ ကျမတို့ဘက်ကို နှစ်ချက်၊ သုံးချက်လောက်နဲ့ သူ့ဟာနဲ့သူ အဆုံးစီရင်တာနဲ့ဆိုရင် ၁၃ ချက်လောက်တော့ရှိမယ်” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူထံ MPA က ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

KIA ဘက်ကလည်း ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာထုတ်ပြန်လာခြင်းမျိုးမရှိသေးပေ။

ကျောက်စိမ်းမြေ ဖားကန့်ဒေသအတွင်း အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ပြီး နှစ်ဖက်တပ်များက နယ်မြေအသီးသီးကို ထိန်းချုပ်မှုရှိနေသည့် တရားဉပဒေစိုးမိုးမှု ကင်းမဲ့နေသကဲ့သို့ လုံခြုံမှုလည်း အလွန်အားနေကြောင်း ဒေသခံများက ဆိုသည်။