ယနေ့ ဇူလိုင်လ ၈ ရက်၊ ဂရင်းနစ်စံတော်ချိန် ၁၁နာရီ ၁၀ မိနစ်ခန့်(မြန်မာစံတော်ချိန် ညနေ ၅နာရီ မိနစ် ၄၀ခန့်)တွင် ကမ္ဘာ့လူဦးရေ၏ ၉၉ ရာခိုင်နှုန်းခန့်သည် နေရောင်ခြည် (သို့မဟုတ်) ဆည်းဆာအလင်းရောင်ကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ခံစားရရှိကြမည် ဖြစ်သည်။
ကမ္ဘာကြီး၏ တိမ်းစောင်းမှုနှင့် မြောက်ကမ္ဘာခြမ်း၏ နွေရာသီအချိန်ကိုက်ဖြစ်မှုတို့ကြောင့် ကမ္ဘာ့လူဦးရေ ၉၉ ရာခိုင်နှုန်း (လူဦးရေ ၈.၂ ဘီလီယံခန့်) သည် ယနေ့တွင် နေ့အလင်းရောင် သို့မဟုတ် မိုးချုပ်ခါစ ဆည်းဆာအလင်းရောင်ကို တစ်ပြိုင်တည်း ကြုံတွေ့ရခြင်း ဖြစ်သည်။
၁ မိနစ်ခန့်သာ ကြာမြင့်မည့် အဆိုပါ အချိန်တိုလေးအတွင်း ကမ္ဘာပေါ်တွင် လူဦးရေအထူထပ်ဆုံး ဒေသအားလုံးသည် နေရောင်အောက်သို့ ရောက်ရှိနေမည်ဖြစ်ပြီး အလွန်နည်းပါးသော လူဦးရေအပိုင်းအစလေးသာ ညအချိန်ကို ကြုံတွေ့နေရမည် ဖြစ်သည်။
ထိုအချိန်တွင် နေ့အလင်းရောင်သည် ကမ္ဘာ့လူဦးရေအများစု နေထိုင်ရာ မြောက်အမေရိက၊ တောင်အမေရိက၊ ဥရောပ၊ အာဖရိကနှင့် အာရှတိုက်အပိုင်းအများစုဆီသို့ ဖြန့်ကျက်ရောက်ရှိနေမည် ဖြစ်သည်။
အပြန်အလှန်အားဖြင့် အမှောင်ထုကိုမူ ဩစတြေးလျ၊ နယူးဇီလန်၊ အရှေ့တောင်အာရှ အစိတ်အပိုင်းအချို့၊ အန္တာတိကတိုက်နှင့် ၎င်းတို့ကို ဝန်းရံထားသော သမုဒ္ဒရာများတွင်သာ ကြုံတွေ့ရမည် ဖြစ်သည်။
ဤဖြစ်စဉ်သည် တစ်ရက်တည်းသာ ဖြစ်ပွားသည့် ထူးခြားဆန်းပြားမှုမျိုး မဟုတ်ဘဲ နှစ်စဉ် မေလ ၁၈ ရက်မှ ဇူလိုင်လ ၁၇ ရက်အထိ ရက်ပေါင်း ၆၀ ခန့်အတွင်း နေ့စဉ်နေ့တိုင်း၌ လူသားအားလုံးနီးပါး ယခုကဲ့သို့ တစ်ပြိုင်တည်း ကြုံတွေ့ရသည့် အချိန်တိုလေးတစ်ခုစီ ရှိနေတတ်သည်။
နေရောင်ခြည် ကမ္ဘာတစ်ခုလုံးနီးပါးထံ ရောက်ရှိမည့် အဆိုပါအချိန်တွင် လူဦးရေ ၆.၉ ဘီလီယံ (၈၃ ရာခိုင်နှုန်း) သည် နေ့အလင်းရောင်အပြည့် ရရှိနေမည်ဖြစ်ပြီး၊ လူဦးရေ ၅၈၁ သန်း (၇ ရာခိုင်နှုန်း) မှာမူ လျှပ်စစ်မီးမလိုဘဲ ပြင်ပလှုပ်ရှားမှုများ ပြုလုပ်နိုင်လောက်အောင် ကောင်းကင်ယံ လင်းထိန်နေဆဲ မြို့ပြဆည်းဆာအလင်း (Civil Twilight) ကို ကြုံရမည် ဖြစ်သည်။
ထို့ပြင် လူဦးရေ ၄၉၈ သန်း (၆ ရာခိုင်နှုန်း) သည် ကောင်းကင်ယံ ပိုမိုမှောင်လာသော်လည်း မိုးကုပ်စက်ဝိုင်းကို မြင်နိုင်သေးသည့် ရေကြောင်းဆည်းဆာအလင်း (Nautical Twilight) ကို ကြုံရမည်ဖြစ်ကာ၊ လူဦးရေ ၂၄၉ သန်း (၃ ရာခိုင်နှုန်း) သည် လုံးဝအမှောင်မကျမီ ကောင်းကင်တွင် အလင်းရောင်ဖျော့ဖျော့သာ ကျန်ရှိတော့သည့် နက္ခတ္တဗေဒဆည်းဆာအလင်း (Astronomical Twilight) ကို ကြုံရမည် ဖြစ်သည်။
ကျန်ရှိသည့် လူဦးရေ ၈၃ သန်း (၁ ရာခိုင်နှုန်းသာ) သည် ကောင်းကင်ယံ လုံးဝမှောင်မည်းသွားသည့် ညဉ့်မှောင်ချိန်ကို ကြုံတွေ့ရမည် ဖြစ်သည်။
ဇွန်လတွင် ဖြစ်ပေါ်သည့် နေအလှည့်ဆုံးနေ့ (June Solstice) သည် မြောက်ကမ္ဘာခြမ်း၏ နေ့တာအရှည်ဆုံးနေ့ ဖြစ်သော်လည်း ထိုနေ့ကျော်လွန်ပြီးနောက် နေသည် တောင်ဘက်သို့ တဖြည်းဖြည်းချင်း ပြန်လည်ရွေ့လျားလာမည်ဖြစ်ကာ၊ ယင်းသို့ ရွေ့လျားလာခြင်းကြောင့် လူဦးရေ အလွန်နည်းပါးသည့် မြောက်ဘက်စွန်းဒေသများတွင် နေ့တာအနည်းငယ် တိုတောင်းသွားသော်လည်း၊ လူဦးရေ အလွန်ထူထပ်သော အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်ကဲ့သို့ ဒေသများဆီသို့ နေ့အလင်းရောင် ပိုမိုဖြန့်ကျက် ရောက်ရှိလာစေသည်။
ထိုသို့ အနည်းငယ် ရွေ့လျားပြောင်းလဲသွားမှုကြောင့် ဇွန်လ နေအလှည့်ဆုံးနေ့ထက်စာလျှင် ယနေ့ ဇူလိုင်လ ၈ ရက်တွင် နောက်ထပ် လူဦးရေ ၁၁ သန်းခန့် ပိုမိုကာ နေ့အလင်းရောင် သို့မဟုတ် ဆည်းဆာအလင်းရောင်အတွင်းသို့ ရောက်ရှိလာရခြင်း ဖြစ်သည်။
