ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်၊စစ်တောင်းမြစ်အရှေ့ဘက်ကမ်းတွင် PDF တိုက်ခိုက်မှုကြောင့် စစ်တပ် အထိနာသွားပြီးနောက် မြေပြင်ထိုးစစ်မဆင်ရဲတော့ဘဲ ဝေဟင်တိုက်ခိုက်မှုများသာ ပြုလုပ်နေ ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၊စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ပိတောက်ကုန်းရွာနှင့် ကျွန်းကုန်းရွာတွင် တပ် စွဲထားသာ အင်အား၅၀၀ ဝန်းကျင်ရှိ စစ်တပ်ကို ဒေသခံ တော်လှန်ရေးတပ်များက ဇွန်လ၂၄ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က သေဆုံး ထိခိုက်မှုများခဲ့ပြီးနောက် လေကြောင်းတိုက်ခိုက် မှုများ နေ့စဉ်နီးပါး ပြုလုပ်နေကြောင်း ရေတာရှည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရသည်။
“၂၄ရက်နေ့ အတိုက်ခံရပြီးတော့ ခဏတော့ ဆုတ်သွားပြီး ပြန်ဝင်လာတယ်။အဲမှာ ခံစစ်ပြင်ထား တယ်လို့ ကြားတယ်။မြေပြင်ထိုးစစ်တော့ ထွက်မလာရဲဘူး”ဟု ရေတာရှည်ပကဖ၏ ဆက်သွယ်ရေး နှင့်သတင်းအချက်အလက်ဖြန့်ဝေရေးတာဝန်ခံက MPAသို့ ပြောသည်။
လက်ရှိတွင် ယင်းနေရာ၌ နှစ်ဖက် စစ်ဆိုင်ထားဆဲအခြေအနေဖြစ်ပြီး စစ်ရေးတင်းမာနေဆဲဖြစ် ကြောင်း သိရသည်။
“ကျတော်တို့ဘက်ကလည်းကျဆုံး၊ဒဏ်ရာရတာတွေရှိတော့ နောက်နည်းနည်းပြန်ဆုတ်ပေး ထားရ တယ်ဗျ”ဟု ၎င်းက ဆက်လက်ပြောသည်။
ဇွန်၂၄ရက်တိုက်ပွဲတွင် တော်လှန်ပူးပေါင်းတပ်ရင်းများမှ PDFတပ်ခွဲမှူးအပါအဝင် ရဲဘော်၂ဦး ကျဆုံး ခဲ့သည်။
ယခုရက်ပိုင်းအတွင်း တိုက်လေယာဉ်နှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတို့ကို အရပ်သားပစ်မှတ်များ ကိုပါ မချန်ဘဲ ပြုလုပ်နေကြောင်း သိရသည်။
“ကောင်းကင်ပွင့်လာရင် နေ့တိုင်းမကြဲလည်း ဝဲ(လေယာဉ်ဝဲ)နေတာပဲ”ဟု ၎င်းက ဆိုသည်။
ယနေ့(ဇူလိုင်၈ရက်)တွင်မူ နေ့ခင်းပိုင်းအချိန်ထိ မိုးရွာနေသဖြင့် လေယာဉ်တက်မလာသေးပေ။
ဇူလိုင်၇ရက်က တိုက်ပွဲဖြစ်ပွားခဲ့သောနေရာနှင့် ၃မိုင်ခန့်ဝေးသည့် နဂျပ်အောက်ရွာရှိ ဂူတောင်ဘုန်း ကြီးကျောင်းကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ရာ ဂူတောင်စေတီကုန်းနှင့်ဓမ္မာရုံတို့ ထိခိုက် ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ်ပကဖက ထုတ်ပြန်ထားသည်။
“ဂူတောင်ဘုန်းကြီးကျောင်းမှာ ဘာPDFမှ မရှိပါဘူးဗျ။စစ်ဘေးရှောင်နည်းနည်းလောက်နဲ့ ဘုန်းကြီးပဲ ရှိတယ်ဗျ။ကံကောင်းချင်တော့ ဘုန်းကြီးရော စစ်ဘေးရှောင်တွေရော မထိခိုက်ဘူးဗျ”ဟု ၎င်းက ဆိုသည်။
ယင်းသို့ဗုံးကြဲခံရပြီးနောက် ဂူတောင်ဘုန်းကြီးကျောင်းနှင့် အနီးဝန်းကျင်ရှိ ရွာများပါ လေကြောင်းရန် ကြောက်သဖြင့် ထွက်ပြေးတိမ်းရှောင်သွားကြပြီဖြစ်ကြောင်း သိရသည်။
ယခုအခါ တော်လှန်ရေးတပ်ပေါင်းစု စိုးမိုးနယ်မြေဖြစ်သော ရေတာရှည်မြို့နယ်၊စစ်တောင်းမြစ်ဝှမ်း ဒေသထဲသို့ စစ်တပ်က ထိုးဖောက်ဝင်ရောက်လာနေပြီး ရေ
တာရှည်ပကဖတွင် လက်နက်အင်အား လိုအပ်ချက်ရှိနေသဖြင့် သေနတ်၅လက်ဖြည့်တင်းနိုင်ရေးအတွက် ရေတာရှည်ဒိုင်းကမ်ပိန်းကို ပြုလုပ်လျက်ရှိသည်။
ရေတာရှည်ဒိုင်းကမ်ပိန်းကာလမှာ ဇွန် ၁ ၀ရက်မှ ဇူလိုင် ၁၉ ရက်အထိဖြစ်ပြီး ကျပ်သိန်း ၅၀၀ ရရှိရန် ရည်မှန်းထားသည်။
