နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မြို့ရှောင်လမ်းဘေး PeroSeven စက်သုံးဆီဆိုင်အနီးတွင် အိုးဝေမော်တော်ယာဉ်မောင်းသူ ၄ ဦး အချင်းချင်း နောက်ပြောင်ကျီစယ်နေသည်ကို လမ်းသွားလမ်းလာ လူငယ်တစ်စုက ၎င်းတို့အား စောင်းမြောင်းပုတ်ခတ်သည်ဟု အထင်မှားကာ ဓားများဖြင့် ဝိုင်းဝန်းခုတ်နှက်မှုတစ်ခု ဇူလိုင်လ ၇ ရက် ညနေ ၆ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အိုးဝေယာဉ်မောင်းများဖြစ်ကြသည့် ဦးတင်စိုးလှိုင်၊ ဦးဇင်မောင်မောင်လွင်၊ ဦးကျော်ကျော်နှင့် ဦးရဲထက်အောင်တို့ ၄ ဦးသည် ဆီဆိုင်အနီးတွင် စုဝေးပြီး အချင်းချင်း နောက်ပြောင်နေခဲ့ကြသည်။
ထိုသို့ နောက်ပြောင်နေသည်ကို ဇေယျာသီရိမြို့နယ်၊ အိုင်စောက်ကျေးရွာတွင် နေထိုင်သူများဖြစ်ကြသည့် အသက် ၂၄ နှစ်အရွယ် မျိုးမင်းဦး၊ အသက် ၂၅ နှစ်ခန့်အရွယ် အငယ်လေးနှင့် အသက် ၃၈ နှစ်အရွယ် ဆံရှည် (ခ) ဇော်ထွန်းတို့က ၎င်းတို့အား လှမ်း၍ ရန်စနောက်ပြောင်သည်ဟု ထင်မြင်ယူဆကာ ဓားများဖြင့် ဝိုင်းဝန်းခုတ်ခဲ့ကြခြင်း ဖြစ်သည်။
ထိုကဲ့သို့ ဓားခုတ်ခံရမှုကြောင့် ပျဉ်းမနားမြို့နယ်၊ ဥယျာဉ်စုကျေးရွာတွင် နေထိုင်သည့် အိုးဝေမောင်းသူ အသက် ၃၀ နှစ်အရွယ် တင်စိုးလှိုင်တွင် ဦးခေါင်း ၁ လက်မခန့် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာတံတောင်ဆစ် ၁ လက်မခန့် ပြတ်ရှဒဏ်ရာ ၁ ချက်နှင့် ဝဲလက်ခလယ်၊ ဝဲလက်သူကြွယ်၊ ဝဲလက်သန်းတို့တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့သည်။
ထို့ပြင် ပျဉ်းမနားမြို့နယ်၊ ကြံဖိုစုတဲကုန်းကျေးရွာတွင် နေထိုင်သည့် အသက် ၃၀ နှစ်အရွယ် အိုးဝေမောင်းသူ ဇင်မောင်မောင်လွင်တွင်လည်း ယာလက်မောင်း ၁ လက်မခန့် ပြတ်ရှဒဏ်ရာ ၂ ချက်၊ ဝဲလက်ဖျံ ပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာပေါင် ၂ လက်မခန့် ပြတ်ရှဒဏ်ရာ ၁ ချက်နှင့် ယာလက်ပြင် ၂ လက်မခန့် ပြတ်ရှဒဏ်ရာ ၁ ချက်တို့ ရရှိခဲ့သည်။
အလားတူ ဇေယျာသီရိမြို့နယ်၊ ရုံးပင်စောင်းကျေးရွာတွင် နေထိုင်သည့် အသက် ၂၈ နှစ်အရွယ် အိုးဝေမောင်းသူ ကျော်ကျော်တွင် ယာနံကြား ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာလက်ဖျံ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာလက်မောင်း ပြတ်ရှဒဏ်ရာ ၁ ချက်နှင့် ယာတင်ပါးဆုံ ပြတ်ရှဒဏ်ရာ ၁ ချက် ရရှိခဲ့ပြီး၊ ပျဉ်းမနားမြို့နယ်၊ ဦးကျေးရွာတွင် နေထိုင်သည့် အသက် ၃၀ နှစ်အရွယ် အိုးဝေမောင်းသူ ရဲထက်အောင်တွင် ဝဲလက်ဖျံ ၄ လက်မခန့် ပြတ်ရှဒဏ်ရာ ၁ ချက် နှင့် လည်ပင်းဝဲဘက် ၆ လက်မခန့် ပြတ်ရှဒဏ်ရာ ၁ ချက် တို့ ရရှိခဲ့သည်။
ဓားခုတ်ခံရမှုကြောင့် ဒဏ်ရာရရှိခဲ့သူများအနက် တင်စိုးလှိုင်နှင့် ဇင်မောင်မောင်လွင်တို့ ၂ ဦးကို ပျဉ်းမနားမြို့နယ် ကုတင် ၂၀၀ ဆေးရုံသို့ ပို့ဆောင်ထားပြီး၊ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသည့် အတွင်းလူနာများဖြစ်ကြသော ကျော်ကျော်နှင့် ရဲထက်အောင်တို့ ၂ ဦးကိုမူ နေပြည်တော် ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူစေလျက်ရှိသည်။
လက်ရှိတွင် ဓားများနှင့် ခုတ်ခဲ့ကြသည့် တရားခံများဖြစ်သော မျိုးမင်းဦး၊ အငယ်လေးနှင့် ဆံရှည် (ခ) ဇော်ထွန်းတို့ ၃ ဦးကို မြို့မရဲစခန်းတွင် (ပ) ၂၁၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ – ၃၂၆ / ၃၂၄ / ၁၁၄ တို့ဖြင့် အမှုဖွင့်လှစ်ထားရှိပြီး၊ ၎င်းတို့သုံးဦးသည် ထွက်ပြေးနေသဖြင့် လိုက်လံရှာဖွေနေကြောင်း သိရသည်။
