မြန်မာနိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံအထူးသံတမန် တွေ့ဆုံခွင့်ပြုရန် အာဆီယံအလှည့်ကျဥက္ကဌဖိလစ်ပိုင်၏ တောင်းဆိုချက်ကို ပြင်သစ်နိုင်ငံက ထောက်ခံကြောင်း ဆိုသည်။
ပြင်သစ်နိုင်ငံသမ္မတ အီမန်နျူရယ် မက်ခရွန်က ဒေါ်အောင်ဆန်းစုကြည်၏ သား ကိုထိန်လင်း(ခ) ကင်မ်အဲရစ်ထံ ပေးပို့သော စာတွင် အထက်ပါအတိုင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို စည်းကမ်းချက်ဖြင့် ပြန်လည်လွှတ်ပေးခြင်းနှင့် ဒေါ်အောင် ဆန်း စုကြည်ကို နေအိမ်အကျယ်ချုပ်ထားရှိခြင်းနှင့် စပ်လျဉ်း၍ နေပြည်တော် ကြေညာချက်များကို သတိပြုမိကြောင်း ၂၀၂၅ ခုနှစ်၊ အောက်တိုဘာတစ်ရက်က ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ခဲ့သော စာတွင် ဖော်ပြထားသည့် တောင်းဆိုချက်များမှာ ပြောင်းလဲမှုမရှိကြောင်း ပြင်သစ်နိုင်ငံအနေဖြင့် ဒေါ် အောင်ဆန်းစုကြည်ကို မည်သည့်စည်းကမ်းချက်မျှမပါဘဲ ချက်ချင်း ပြန်လွှတ်ပေးရန်နှင့် နိုင်ငံ ရေးအကြောင်းပြချက်များဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးကိုလည်း လွှတ်ပေးရန် ဆက် လက်တောင်းဆိုသွားမည် ဖြစ်ကြောင်း ပြင်သစ်သမ္မတ၏ စာ၌ ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ပြန်လွှတ်ပေးခြင်းသည်အားလုံးပါ ဝင်နိုင်သော နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ် ဖြစ်မြောက်လာစေရန်အတွက် ကြိုတင်လိုအပ်ချက်တစ်ခု ဖြစ်ကြောင်းလည်း ဆိုသည်။
ဆက်လက်ပြီး ပြင်သစ်သမ္မတက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ခွင့်နှင့် ၎င်းတို့၏ ရှေ့နေများ၊ မိသားစုများနှင့် ဆက်သွယ်ခွင့် အပါအဝင် အခြေခံရပိုင်ခွင့်များကို လေးစား လိုက်နာရမည်ဟုလည်းဆိုသည်။
ပြင်သစ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံတွင် ထင်သာမြင်သာရှိသော တိုးတက်မှုများ ဖြစ်ပေါ်လာစေရန်အ တွက် စစ်အုပ်စုအပေါ် ဖိအားပေးရေးလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုး ရေးကို ထိခိုက်ပျက်ပြားစေသည့် လုပ်ဆောင်ချက်များအတွက် တာဝန်ရှိသူများကို ပစ်မှတ်ထားသည့် ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှု နောက်ထပ်တစ်နှစ် သက်တမ်းတိုးမြှင့်ခြင်းကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၇ ရက်၌ ပြင်သစ်နိုင်ငံက ထောက်ခံခဲ့ကြောင်းလည်း ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်အရေး၊ ၎င်း၏ အခြေခံရပိုင်ခွင့်များ အပြည့်အဝ ပြန်လည်ရရှိရေးနှင့် နိုင်ငံရေးအကျဉ်းသားများကိစ္စကို ပြင်သစ်နိုင်ငံအနေနှင့် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ဆက်လက်၍ တက်ကြွစွာ အင်တိုက်အားတိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြင်သစ် သမ္မတက ပြောသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြရေး Proof of Life လှုပ်ရှားမှုကို ကြိုဆိုကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ထိန်းသိမ်းခံထားရ သည့်အခြေအနေအပေါ် ကင်မ်အဲရစ်၏ စိုးရိမ်ပူပန်မှုများကို နားလည်ခံစားမိကြောင်းလည်း ဆို သည်။
ပြင်သစ်သမ္မတက ပေးပို့သောစာကို ကိုထိန်လင်းက ယနေ့(ဇူလိုင်၉ရက်)တွင် ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ် ဖော်ပြထားပြီး ပြင်သစ်နိုင်ငံက မူဝါဒခိုင်ခိုင်မာမာဖြင့် အမြဲရပ်တည်ပေးနေသည့် အပေါ် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြောင်း ကိုထိန်လင်းက ဆိုသည်။
“ကျတော်တို့မိသားစု ရင်ဆိုင်နေရတဲ့ စိုးရိမ်ပူပန်မှုတွေကို နားလည်ပေးတဲ့အတွက်၊ Proof of Life လှုပ်ရှားမှုကို အားပေးထောက်ခံတဲ့အတွက်၊ နောက်ပြီး မေမေ့ကို မိသားစုနဲ့ ဆက်သွယ်ခွင့်၊ ရှေ့နေ တွေနဲ့ တွေ့ခွင့်၊ သင့်လျော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိခွင့်တို့လို အခြေခံအခွင့်အရေးတွေကို လေးစားရမယ်ဆိုတာကို ပြင်သစ်နိုင်ငံက အလေးအနက်ထား ပြောကြားပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်”ဟု ကိုထိန်လင်းက ဆိုသည်။
ပြင်သစ်နိုင်ငံ၏ ရပ်တည်ချက်နှင့် လူ့အခွင့်အရေးအပေါ် ခိုင်မာသည့် ကတိကဝတ်သည် မိမိတို့အတွက် မျှော်လင့်ချက်တစ်ခု ဖြစ်ကြောင်းလည်း ကိုထိန်လင်းက ဆက်လက်ပြောသည်။
