By BBC
အိန္ဒိယအစိုးရက ဓာတ်ဆီတွင် ဇီဝလောင်စာ (အီသနော) ပိုမိုရောစပ်အသုံးပြုရန် ဆုံးဖြတ်လိုက်ခြင်းအပေါ် နိုင်ငံအတွင်းရှိ မော်တော်ယာဉ်မောင်းနှင်သူများအကြား မကျေနပ်မှုနှင့် ဝေဖန်မှုများ ပြင်းထန်စွာ ထွက်ပေါ်နေပြီး လမ်းပေါ်ထွက် ဆန္ဒပြမှုများလည်း ဖြစ်ပေါ်နေသည်။
ကမ္ဘာ့အကြီးဆုံး ဆိုင်ကယ်ဈေးကွက်နှင့် တတိယအကြီးဆုံး မော်တော်ကားဈေးကွက်ဖြစ်သည့် အိန္ဒိယသည် ပြည်ပမှ ရေနံတင်သွင်းမှုကို လျှော့ချရန်နှင့် ကာဗွန်ထုတ်လွှတ်မှု ဖြတ်တောက်ရန် ရည်ရွယ်၍ အီသနော ၂၀ ရာခိုင်နှုန်း ရောစပ်ထားသည့် E20 ဓာတ်ဆီကို ယခုနှစ် ဧပြီလမှစတင်ကာ ဆီဆိုင်တိုင်းတွင် စံသတ်မှတ်ချက်အဖြစ် အသုံးပြုစေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယင်းမူဝါဒသည် မော်တော်ယာဉ်အများစု၏ အင်ဂျင်ဒီဇိုင်းများနှင့် ကိုက်ညီမှုမရှိဘဲ တစ်ဖက်သတ် ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်ဟုဆိုကာ ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ဒေလီမြို့တွင် မော်တော်ယာဉ်ပိုင်ရှင်များ စုဝေးဆန္ဒပြခဲ့ကြသည်။
ပြည်သူအများစုမှာ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင်လည်း E20 ဆီကြောင့် အင်ဂျင်များ ပျက်စီးခြင်း၊ ဆီစားနှုန်း ပိုမိုများပြားလာခြင်းနှင့် ယာဉ်စွမ်းဆောင်ရည် ကျဆင်းလာခြင်းတို့ကြောင့် ပြုပြင်ထိန်းသိမ်းခ စရိတ်များ ပိုမိုကုန်ကျနေရကြောင်း ညည်းတွားလျက်ရှိကြသည်။
“အိန္ဒိယလမ်းမတွေပေါ်က မော်တော်ယာဉ်တွေရဲ့ ၇၅ ရာခိုင်နှုန်းကျော်ဟာ E20 ဆီနဲ့ ကိုက်ညီမှုမရှိပါဘူး” ဟု မော်တော်ယာဉ်သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် Mobility Global ၏ ညွှန်ကြားရေးမှူး ပူးနီးတ် ဂုပ္ပတား (Puneet Gupta) က သုံးသပ်ပြောကြားထားသည်။
အိန္ဒိယအစိုးရသည် အခြားကမ္ဘာ့ဈေးကွက်ကြီးများကဲ့သို့ မော်တော်ယာဉ်များ အသွင်ကူးပြောင်းရန် အချိန်အလုံအလောက် မပေးဘဲ ၂၀၂၂ ခုနှစ်တွင် အီသနော ၁၀ ရာခိုင်နှုန်းရောစပ်ရာမှ ၂၀၂၅ ခုနှစ်တွင် ၂၀ ရာခိုင်နှုန်းအထိ ၃ နှစ်အတွင်း ဇွတ်အတင်း အလျင်စလို ပြောင်းလဲခဲ့ခြင်း ဖြစ်ကြောင်း ဝေဖန်သူများက ထောက်ပြကြသည်။
အခြားတစ်ဖက်တွင်မူ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ အစိုးရအဖွဲ့နှင့် မော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီကြီးများက ယင်းတိုင်ကြားချက်များကို အခြေအမြစ်မရှိသော ကောလာဟလများအဖြစ် ပယ်ချခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က ပြုလုပ်ခဲ့သော ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အိန္ဒိယ၏ အကြီးဆုံးကားထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် Maruti Suzuki မှ အဆင့်မြင့်အရာရှိ ရာဟူးလ် ဘာရ်သီ (Rahul Bharti) က “ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ E20 ဆီနဲ့ မကိုက်ညီတဲ့ ကားဟောင်းပေါင်း ၁၅ သန်းကျော်ကို ဝန်ဆောင်မှုပေးခဲ့ပေမဲ့ စက်သုံးဆီကြောင့် အင်ဂျင်ချို့ယွင်းတဲ့ ပြဿနာတစ်စုံတစ်ရာ မတွေ့ရှိရပါဘူး” ဟု ခုခံပြောကြားခဲ့သည်။
သို့သော်လည်း အီသနော၏ စွမ်းအင်သိပ်သည်းဆ နည်းပါးမှုကြောင့် E20 ဆီအသုံးပြုပါက ယာဉ်များ၏ ဆီစားနှုန်း ၃ ရာခိုင်နှုန်းမှ ၃ ဒသမ ၅ ရာခိုင်နှုန်းအထိ ပိုမိုကုန်ကျနိုင်ကြောင်း မော်တော်ကားထုတ်လုပ်သူများက ဝန်ခံခဲ့ကြပြီး၊ အချို့သော လွတ်လပ်သည့် ခန့်မှန်းချက်များတွင်မူ ဆီစားနှုန်းသည် ၄ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိပင် ပိုမိုမြင့်တက်သွားနိုင်ကြောင်း ထောက်ပြထားသည်။
ယင်းအပြင် စားသုံးသူများအနေဖြင့် အီသနောမပါသည့် သန့်စင်ပြီးဓာတ်ဆီကို ဝယ်ယူနိုင်သေးသော်လည်း ပုံမှန်ထက် ၄၀ မှ ၅၀ ရာခိုင်နှုန်းအထိ ဈေးနှုန်းပိုမိုကြီးမြင့်နေခြင်းကလည်း ပြည်သူများကို ရွေးချယ်စရာမရှိအောင် အကျပ်ရိုက်စေလျက်ရှိသည်။
“လွန်ခဲ့တဲ့တစ်နှစ်အတွင်း ကာဘူရီတာ (carburettor) ထဲမှာ ဆီချေးတွေ ပိတ်ဆို့လို့ လာပြင်တဲ့ ဆိုင်ကယ်အဟောင်းတွေ အများကြီးရှိခဲ့ပါတယ်။ ဒါဟာ အီသနောဓာတ် မြင့်မားတာကြောင့်ဖြစ်ပြီး ဆိုင်ကယ်စွမ်းဆောင်ရည် ကျဆင်းစေသလို မကြာခဏ လာဆေးနေရလို့ ဖောက်သည်တွေအတွက် ကုန်ကျစရိတ် ပိုများစေပါတယ်” ဟု မွန်ဘိုင်းမြို့ရှိ ဆိုင်ကယ်ပြင်ဆင်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ မိုဟာမက် အာရစ် (Mohammed Arif) က မြေပြင်အခြေအနေကို ရှင်းပြပြောဆိုသည်။
Autocar India မဂ္ဂဇင်း၏ အယ်ဒီတာ ဟော်မာ့ဇ် ဆိုရက်ဘ်ဂျီ (Hormazd Sorabjee) ကလည်း အီသနောသည် စိုထိုင်းဆကို စုပ်ယူတတ်သဖြင့် ရေရှည်တွင် အင်ဂျင်အစိတ်အပိုင်းများကို သံချေးတက်စေနိုင်ကြောင်း အတည်ပြုခဲ့သည်။
“ဒါဟာ ဖြည်းဖြည်းချင်း လောင်ကျွမ်းမယ့် သက်ရောက်မှုမျိုးပါ။ ကီလိုမီတာ ၁၀,၀၀0 ကနေ ၂၀,၀၀၀ လောက် မောင်းနှင်ပြီးတဲ့အခါ ဆီပေးပို့တဲ့စနစ်တွေမှာ သံချေးတက်တာမျိုး ကြုံရနိုင်ပါတယ်” ဟု ၎င်းက BBC သို့ ပြောကြားသည်။
လက်ရှိတွင် E20 ဆီအသုံးပြုမှုကြောင့် အင်ဂျင်ချို့ယွင်းပျက်စီးပါက အာမခံချက် (Warranty) နှင့် မော်တော်ယာဉ်အာမခံ (Insurance) တို့က လျော်ကြေးပေး၊ မပေးဆိုသည်မှာလည်း ဒေသတွင်း၌ ဝေခွဲမရဖြစ်နေဆဲ ဖြစ်သည်။
ဈေးနှုန်းအပြောင်းအလဲအပေါ် အလွန်ထိခိုက်လွယ်သော အိန္ဒိယဈေးကွက်အတွင်း ကားအာမခံကုမ္ပဏီကြီးအချို့က မကိုက်ညီသောယာဉ်များတွင် E20 ဆီသုံးစွဲခြင်းကို ပေါ့ဆမှုဟု သတ်မှတ်ကာ လျော်ကြေးငြင်းပယ်နိုင်ကြောင်း ကနဦးထုတ်ပြန်ခဲ့မှုများကြောင့် ယာဉ်ပိုင်ရှင်များအကြား စိုးရိမ်ပူပန်မှုများ ပိုမိုကြီးထွားလျက်ရှိသည်။
